ဆန္ဒပြမယ့် အောင်သပြေရွာခံ ၁၀၀ ခန့် တားမြစ်ခံရ


2019.01.28
aungthapyay-villagers-622.jpg မန္တလေးမြို့မှာ တားဆီးခံရတဲ့ ဆန္ဒပြ အောင်သပြေရွာသားတွေကို ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့အတွက် မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုမယ့် ဒေသခံ ၁၀၀ ခန့်ကို ရဲတပ်ဖွဲ့က တားမြစ်လိုက်ပါတယ်။

အောင်သပြေကျေးရွာ ဒေသခံ ၁၀၀ လောက်ဟာ မန္တလေးမြို့ကို ဒီနေ့မနက်က ရောက်ရှိလာချိန်မှာ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့က တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်ပဧည့်သည်တွေ ရောက်ရှိနေချိန်ဖြစ်တာအပြင် ဟောပြောမယ့်အကြောင်းအရာ အကျဉ်းချုပ်ကို ၄၈ နာရီ ကြိုတင်အကြောင်းမကြားတာကြောင့် ဆန္ဒပြပွဲကို ခွင့်မပြုတာဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ပြောပါတယ်။

ဒေသခံတွေရဲ့သဘောထားမပါတဲ့ စက်ရုံတည်ဆောက်နေတာကို ဖျက်သိမ်းပေးဖို့၊ ပြည်သူတွေအပေါ် တရားစွဲဆိုထားတဲ့ ပုဒ်မတွေကို ဖျက်သိမ်းပေးဖို့အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ရက်နေ့က ဆန္ဒပြခွင့် တင်ထားတာလို့ သိရပါတယ်။

စက်ရုံတည်ဆောက်မှုကို ကန့်ကွက်ခဲ့တာကြောင့် အောင်သပြေကျေးရွာသားအချို့ တရားစွဲဆိုခံထားရတာ ရှိသလို အချို့ကလည်း အိုးဘိုထောင်အတွင်းကနေ တရားရင်ဆိုင်နေကြရတာလည်း ရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။