ရဲတွေ ကျင့်ဝတ်လိုက်နာဖို့ ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အားလုံးဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလာစေဖို့နဲ့ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပတဲ့ ဝန်ဆောင်မှုကို ရှေ့ရှုတဲ့ ရဲလုပ်ငန်း အသိပညာပေးဆွေးပွဲမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ပြောခဲ့တာဖြစ်ပါတယ်။

"ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိလာစေဖို့နဲ့ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာတတ်ပြီး မိမိတို့ရဲ့လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေး မြင့်မားစေဖို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းပြောကြားလိုပါတယ်"

အခမ်းအနားကို တက်ရောက်လာတဲ့ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လာမယ့် ဇွန်လကနေစတင်ပြီး ဝန်ဆောင်မှုကိုရှေ့ရှုတဲ့ ရဲလုပ်ငန်းစနစ်ကိုစတင်ကျင့်သုံးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီစနစ်ကို ကျင့်သုံးရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်စေတဲ့ လုပ်ငန်း၊ ပြဿနာဖြေရှင်းမှုကို ရှေးရှုတဲ့လုပ်ငန်း၊ ပြည့်စုံ တဲ့ မှုခင်းဆိုင်ရာ သတင်းအချက်အလက်တွေကို လေ့လာတဲ့ လုပ်ငန်း စတဲ့ လုပ်ငန်း သုံးရပ်နဲ့ ဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီစနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့အတွက် ဗဟိုအဆင့်အသိပေးဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့ မတ်လက စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်တွေအလိုက် ဒီလကုန်အထိ ဆက်လက်ဆောင်ရွက်ပြီး ဇွန်လ ၁ ရက်နေ့မှာ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်ကျင့်သုံးမှာဖြစ်ပါတယ်။ အခမ်းအနားကို စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရဲအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။