ဦးဝီရသူကို ရဲတပ်ဖဲ့ွ ဝင်ရောက်ရှာဖွေ
2019.05.29
ဆရာတော် ဦးဝီရသူ သတင်းသုံးတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ထဲက ဓမ္မသဟာရကျောင်းကို ၂၀၁၉၊ မေ ၂၉ ရက်နေ့က တွေ့ရစဉ်
ဆရာတော် ဦးဝီရသူ သတင်းသုံးတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ထဲက ဓမ္မသဟာရကျောင်းကို မဟာအောင်မြေမြို့နယ်ရဲစခန်းက ဒီနေ့ညနေမှာ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးမှာ မနေ့ညနေပိုင်းက တရားစွဲဆိုပြီးနောက် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပါတယ်။
တရားရုံးက ထုတ်တဲ့ ဖမ်းဝရမ်းကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရဲစခန်းက လက်ခံရရှိထားပြီး ဒီနေ့ညနေပိုင်းမှာ ဦးဝီရသူ သတင်းသုံးနေထိုင်တဲ့ မန္တလေး မစိုးရိမ်ကျောင်းကို ရဲတပ်ဖွဲ့တွေက သွားရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက RFA ကို ဒီနေ့ ပြောပါတယ်။
ဆရာတော် ဦးဝီရသူကို ကျောက်တံတားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကာကွယ်ရေး ဟောပြောပွဲနဲ့ ပတ်သက်ပြီး နောက်နောင်မှာ အခုလို လူမှုရေးကိစ္စတွေမှာ ပါဝင်ခြင်းမပြုဖို့ သြဝါဒပေးရေးအတွက် မေ ၃ဝ ရက်နေ့မှာ ရန်ကုန်တိုင်း သံဃနာယက ရုံးမှာ သြဝါဒခံယူဖို့ အရင်က ဆင့်ခေါ်ထားပါတယ်။
အဲဒီဆင့်ခေါ်စာကို တိုင်းသံဃာ့နာယကအဖဲ့ွက အခြေအနေအရ ဆိုင်းငံ့ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
လတ်တလောမှာတော့ ဦးဝီရသူဟာ ရန်ကုန်ကို ရောက်ရှိနေကြောင်း မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှာ ကျန်ရှိတဲ့ ဆရာတော်တချို့က ပြောပါတယ်။
ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုလုပ်ပြီး ဦးဝီရသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)နဲ့ မနေ့ညနေပိုင်းက တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်တာပါ။
တရားလိုရဲ့ လျှောက်ထားချက်ကို ခရိုင်တွဲဖက်တရားသူကြီးက လက်ခံလိုက်ပြီး ဖမ်းဝရမ်းထုတ်လိုက်တာလို့ သိရပါတယ်။
ခရိုင်တရားရုံးက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရဲစခန်းကို ဖမ်းဝရမ်းပေးထားပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက RFA ကို ပြောပါတယ်။
"ဖမ်းဝရမ်းကတော့ ကျနော်တို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ မန္တလေးတိုင်း မဟာအောင်မြေရဲစခန်းကို ထုတ်ပေးထားတာပေါ့နော် စခန်းမှာဝရမ်းရပြီပေါ့ ဝရမ်းကိုအတည်ပြုဖို့အတွက် ဆက်လက်ဆောင်ရွက်နေပါတယ်"
တပ်မတော်ကို ဝေဖန်ထောက်ပြသူကျောင်းသားလူငယ်တွေအပါအဝင် နိုင်ငံရေးသမားတွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးတာတွေ ရှိပေမယ့် အမျိုးသားရေးသမားတွေကို ဖမ်းဆီးနိုင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်ရာမှာ နှောင့်နှေးမှုတွေရှိတယ်လို့ ဝေဖန်မှုတွေ ရှိနေချိန်မှာ ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
ဒီလိုဖမ်းဝရမ်းထုတ်လိုက်ပေမယ့် ပြည်ထဲရေးက တကယ်ပဲ ဖမ်းဆီးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
ဘာကြောင့်လဲဆိုတော့ အရင်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ခြင်းမရှိတဲ့အတွက် အခုဆိုရင် ဟောပြောပွဲတွေမှာ လိုက်လံဟောပြောနေဆဲဖြစ်ပါတယ်။
လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်း က သူ့အမြင်ကို အခုလိုပြောပါတယ်။
"သီတဂူဆရာတော်ကနေပြီးတော့လည်း ဝီရသူက ငါရဲဘော်လို့ဆိုပြီး ပြောတဲ့စကားဟာ ပျံ့လာတဲ့အခါကျတော့ ဒါကိုလည်း ချိန်ရမယ့်အနေထားလည်း ရှိမယ်ထင်တယ် တစ်ခုခုဦးဝီရသူကို ဖမ်းလိုက်တာဖြစ်ဖြစ် တစ်ခုခု ဖြစ်လာလို့ရှိရင် ဒီဘက်က သီတဂူဆရာတော်နဲ့ ကျန်သော ဦးဝီရသူ ထောက်ခံသူတွေက ဘယ်လို့မျိုးတုံ့ပြန်မလည်းဆိုတာကိုလည်း ကြည့်ရမယ်ထင်တယ် အစုံတော့သုံးသပ်ရမှာပေါ့ ပြည်ထဲရေးဘက်ကတော့ အမြဲတမ်း အမျိုးသားရေးသမားတွေဘက်တွေကို အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ အမြဲတမ်းနှောင့်နှေးတယ် ဒါကိုလည်း ကျနော်တို့တွေ့တယ် ကျနော်တို့ ပြစ်တင်ပြောဆိုတာတွေလည်း ရှိပါတယ် ဘာတွေဖြစ်လာမလည်းဆိုတာကတော့ ကျနော်တို့ အစိုးရပိုင်းက ဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ပြီးတော့ ဒီလိုမျိုးဖမ်းဖို့လုပ်တယ်ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်"
ဆရာတော် ဦးဝိရသူဟာ ဘာသာရေးကိစ္စတွေမှာ ပဋိပက္ခတွေဖြစ်အောင် အမုန်းစကားတွေကို ဟောပြောလှုံ့ဆော်တာတွေရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းတာတွေလုပ်ဆောင်သင့်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ မဘသ အပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက ဆရာတော်ကို ထိရင် အသက်သေခံမယ်ဆိုတဲ့အထိ ဝန်းရံဖို့ ပြင်ဆင်နေသူတွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဆရာတော် ဦးဝီရသူဟာ တပ်မတော်နဲ့ နီးစပ်တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးရဲပါ့မလားဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီလိုဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကို RFA က မေးမြန်းရာမှာတော့ -----
"ခုကိစ္စမှာလည်း ကျနော်တို့က သံဃာတော်ဖြစ်တဲ့အတွက်ကြောင့်မလို့ နိုင်ငံတော် သံဃာ့နာယကဗဟိုအဖွဲ့ ကနေပြီးတော့မှာ ကျနော်တို့ ၁၉၉၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ သံဃာတော်နဲ့မသင့်တော်တဲ့ အမှုကိစ္စများဆောင် ရွက်နေတဲ့ ရဟန်းသာမဏေများကို အရေးယူဆောင်ရွက်ရန်ညွှန်ကြားချက်ဆိုတဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်မှာပါ အမိန့်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာပါ"
ဖမ်းဝရမ်းထုတ်ထားပြီးဆိုရင် ဥပဒေကြောင်းအရ ဘယ်သူ့ကိုမဆို ဖမ်းဆီးရမှာဖြစ်ပြီး ဝရမ်းမရုပ်သိမ်းတဲ့အထိ ဖမ်းဆီးရမှာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က အခုလိုပြောပါတယ်။
"ဖမ်းဝရမ်းက တစ်ခါတလေကျရင် ရဲကမဖမ်းဘူး တစ်ခါတလေကျ ပြည်သူကဖမ်းပြီးလာပို့တာရှိတယ် အဲတာမျိုးတွေလည်း ကြုံတတ်တာပေါနော် တချို့က တာဝန်သိပါလျှက်နဲ့ တာဝန်ကိုကျေမွန်အောင် ဆောင်ရွက်တာမရှိဘူး။ တချို့ဟာတွေမှာ ပြည်သူကသတင်းပေးပြီး ပြည်သူကဖမ်းပြီး ပို့ပေးရတာတွေရှိပါတယ်။ ဖမ်းဝရမ်းထုတ်တာ ပြည်သူသိဖို့ပဲ လိုတာပါ"
ဒီလိုတရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒါပေမဲ့ ပြည်တွင်းသတင်းဌာနတစ်ခုကို ဖြေကြားရာမှာတော့ သူအနေနဲ့ အမှုကို ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်မှာမဟုတ်ကြောင်း၊ မနက်ဖြန်မှာ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့က သြဝါဒခံယူဖို့ ရန်ကုန်ကိုရောက်ရှိနေတယ်လို့ ဖြေကြားထားပါတယ်။
ဆရာတော် ဦးဝီရသူကို ကျောက်တံတားမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံကာကွယ်ရေး ဟောပြောပွဲနဲ့ ပတ်သက်ပြီး နောက်နောင်မှာ အခုလို လူမှုရေးကိစ္စတွေမှာ ပါဝင်ခြင်းမပြုဖို့ သြဝါဒပေးရေးအတွက် မေလ ၃ဝ ရက်နေ့မှာ ရန်ကုန်တိုင်း သံဃာ့နာယက ရုံးကိုလာရောက်ဖို့ ဆင့်ခေါ်ထားပါတယ်။
ဒီနေ့ညနေပိုင်းမှာပဲ ဦးဝီရသူကို ရန်ကုန်တိုင်းသံဃာနာယကအဖွဲ့က သြဝါဒပေးဖို့ ခေါ်ယူထားတာကို အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ပုဒ်မ ၁၂၄ (က) ဟာ အစိုးရကို အကြည်ညိုပျက်အောင် အားထုတ်လှုံ့ဆော်တဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင် ငွေဒဏ်နဲ့အတူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။
ဦးဝီရသူဟာ ဧပြီလ ၂၉ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနဲ့ မေလ (၅)ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ အစိုးရအဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ စကားလုံးတွေသုံးပြီး ဟောပြောခဲ့ပါတယ်။
အမုန်းစကားတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ ဟောပြောနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ၊ စွပ်စွဲမှုတွေရှိနေတဲ့ ဆရာတော် ဦးဝီရသူကို ဖမ်းဆီးအရေးယူနိုင်ရေးဟာ တရားစီရင်ရေးမဏ္ဍိုင်အတွက် စိန်ခေါ်မှုဖြစ်နေပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။









