ကျောင်းသားသပိတ်ကို အကြမ်းဖက်မှု ရပ်တန့်ဖို့ အတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဧရာဝတီကျောင်းသားသပိတ် စစ်ကြောင်းက ဦးဆောင်သူ ၂ ဦးကို မအူပင်မြို့နယ် ရဲစခန်းက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
မအူပင်မြို့နယ် ရဲစခန်းမှူးက တရားလိုလုပ်ပြီး တိုင်ကြားတာဖြစ်တယ်လို့ အမှုဖွင့်ခံရတဲ့ သရုပ်ပြဆရာ ဦးဝေယံအောင်က ပြောပါတယ်။
"မနေ့ကမနက်ပိုင်းမှာ မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ ကျနော့်တို့ဆီကိုလာပါတယ်၊ ရဲစခန်းနဲ့ အထွေအထွေ ဦးစီးဌာနနှစ်ခုမှာ ဒီလှုပ်ရှားမှုကို ကျနော်တို့ ဖျော်ဖြေ တင်ဆက်တယ်ဆိုပြီး သူတို့ိကိုကမ်းလှမ်းပါတယ်၊ သူတို့က အဲ့ရုံးတွေကိုတော့ မဝင်ပါနဲ့ ကျန်တဲ့နေရာ မှာ ဖျော်ဖြေပါဆိုပြီးပြောတယ်ခင်ဗျ၊ ကျနော်တို့ ကလည်း သူတို့နေရာကိုမသွားဘဲ အကြမ်းဖက်မှု တားဆီးရေးလှုပ်ရှားမှုတွေကို တင်ဆက်နေတာဖြစ်ပါတယ်၊ အဲ့အပေါ်မှာ နေ့ခင်းပိုင်းမှာတော့ အမှုဖွင့် လိုက်တယ်ဆိုပြီး အကြောင်းကြားလိုက်ပါတယ်"
ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ မအူပင်မြို့မှာ မတ်လ ၉ ရက်နေ့က အကြမ်းဖက်မှုရပ်တန့်ရေး တောင်းဆိုလှုံ့ဆော်တဲ့ စာရွက်တွေဝေငှခဲ့တာဖြစ်ပါတယ်။
ဦးဝေယံအောင်ကို ပုသိမ်မြို့တော်ခန်းမရှေ့မှာ ထိုင်သပိတ်နဲ့ဆန္ဒပြခဲ့တာကြောင့် ပုသိမ်မြို့နယ်ရဲစခန်းကလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
