နေပြည်တော်ဆန္ဒပြပွဲ ရဲကပစ်ခတ်လို့ လူငယ်နှစ်ယောက် အသက်အန္တရာယ်စိုးရိမ်ရ

နေပြည်တော်မြို့လယ် သပြေကုန်းအဝိုင်းက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတဲ့အတွက် ငါးယောက်ထက်မနည်း ဒဏ်ရာရပြီး၊ အဲဒီထဲက လူငယ် အမျိုးသားတစ်ယောက်နဲ့ လူငယ်အမျိုးသမီး တစ်ယောက် ဒဏ်ရာပြင်းထန်လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ အသက်လုကုသနေတယ်လို့ တာဝန်ကျ ဆရာဝန် တစ်ဦးက RFA ကို ဒီနေ့ အတည်ပြုပြောဆိုပါတယ်။

ဒဏ်ရာရထားတဲ့အမျိုးသားက ၂၃ နှစ်အရွယ် ကိုဆိုဝေ ဖြစ်ပြီး၊ အမျိုးသမီးက အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်တို့ ဖြစ်ပါတယ်။

ကိုဆိုဝေက သေနတ်ဒဏ်ရာကြောင့် ရင်ဘတ်ကို ထုတ်ချင်းပေါက် ပွင့်ထွက်သွားပြီး၊ မမြသွဲ့သွဲ့ခိုင်က ခေါင်းမှာကျည်ဆန်ထိမှန်ပြီး သေဆုံးလုနီးပါး ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

အဲဒီလူနာနှစ်ဦးစလုံးကို နေပြည်တော်စစ်ဆေးရုံကို လွှဲပေးဖို့ ဖိအားပေးနေပေမယ့် ကုတင် ၁၀၀၀ ဆေးရုံက လွှဲမပေးဘဲ ဆက်လက်ကုသနေတယ်လို့ အဲဒီဆရာဝန်က ပြောပါတယ်။

မမြသွယ်သွယ်ခိုင်က ကျည်တောင်ကန်ရွာကဖြစ်ပြီး ကိုဆိုဝေ ကတော့ ဘယ်နယ်ကလဲဆိုတာကို အတိအကျ မသိသေးပါဘူး။

ကိုဆိုဝေဆောင်းထားတဲ့ ဦးထုပ်မှာ သွေးစွန်းနေတဲ့အကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက ရှင်းပြပါတယ်။

ဆန္ဒပြလူငယ်နောက်တစ်ဦးကလည်း ဒီနေ့ ပစ်ခတ်ဖြိုခွဲခံရတဲ့အခြေအနေကို ရှင်းပြပါတယ်။

ဒီကနေ့ နေပြည်တော် ဆန္ဒပြပွဲမှာ ကျောင်းသားလူငယ်တွေနဲ့အတူ နိုင်ငံခြားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ဌာနပေါင်းစုံက ဝန်ထမ်းတွေအပြင် ရဲအရာရှိတစ်ဦးလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီကနေ့ ပူးပေါင်းပါဝင်လာတဲ့ ရဲအရာရှိက အဆောက်အအုံတစ်ခုပေါ် တက်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေးမှာ ပြည်သူတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်ဖို့ တရားဟောခဲ့ပါတယ်။ အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စား သူ့ဘဝကို စတေးရတာ ထိုက်တန်တယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိပြည်သူတွေ လုပ်ဆောင်နေတဲ့ အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ဝန်ထမ်းအားလုံး အပြည့်အဝ ပူးပေါင်းပါဝင်ဖို့လည်း သူက တိုက်တွန်းပါတယ်။

သပြေကုန်းအဝိုင်း ဆန္ဒပြပွဲမှာ စုစုပေါင်း လူအင်အား ငါးသောင်းနဲ့တစ်သိန်းကြား ပါဝင်ခဲ့ပါတယ်။

အဲဒီနေရာမှာရှိနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူတွေနဲ့ပူးပေါင်းတဲ့ ဒုရဲအုပ်ကို ချက်ချင်းဖမ်းဆီးဖို့ ကြိုးစားတဲ့အတွက် ဆန္ဒပြပြည်သူတွေက ကာကွယ်ပေးရာကနေ အခြေအနေတွေ ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေလက်ထဲမှာ ရာဘာကျည်ခွံတွေ ရထားပြီး၊ ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာ အသက်လု ကယ်တင်နေရသူတွေရဲ့ အခြေအနေအရ သူတို့ကို ထိမှန်ထားတာ ရာဘာကျည်မဟုတ်ဘဲ ကျည်ဆန်အစစ်ဖြစ်မယ်လို့ ဆရာဝန်တွေက ယူဆထားပါတယ်။ ကျည်ဆန်ဝင်နေတဲ့ မမြသွယ်သွယ်ခိုင်ရဲ့ ဦးခေါင်းကို ခွဲစိတ်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရောက်နေတယ်လို့သိရပါတယ်။

နှိမ်နင်းချိန်က သေနတ်သံ အချက်ပေါင်း ၆၀ ကျော် ကြားခဲ့ရပြီး လူ ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ နောက်ဆုံးရေးသားခဲ့တာဖြစ်ပြီး သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို RFA က ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။