ဆန္ဒပြအထည်ချုပ်အလုပ်သမ ၂၇ ဦး ဖမ်းဆီးခံထားရ
ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ဒညင်းကုန်း လမ်းဆုံအနီးမှာ ထိုင်သပိတ်ဆင်နွှဲဆန္ဒပြ ခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန် ၃က အလုပ် သမ ၂၇ ယောက်ကို ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးထား ဆဲလို့ အလုပ်သမားတွေက ပြောပါတယ်။
-
2015-03-05 -
-
-
ရန်ကုန်မြို့ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာ ထိုင်သပိတ်ဆင်နွှဲဆန္ဒပြခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန် ၃က အလုပ်သမ ၂၇ ယောက်ကို ရဲတပ်ဖွဲ့က ဆက် လက်ဖမ်းဆီးထားဆဲလို့ အလုပ်သမားတွေက ပြော ပါတယ်။
အဲဒီ အလုပ်သမားတွေကို ရန်ကင်းမြို့နယ် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရုံးဟောင်း မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ကြားသိထားရကြောင်း သပိတ်စခန်းက အလုပ်သမတစ်ဦးက ပြောပါတယ်။
"အလုပ်သမား ၂၆ ဦးနဲ့ ညီမတို့ကို ကူညီပေးနေတဲ့ သူတစ်ဦးကို ဖမ်းထားတယ်လို့ သတင်းရထားတယ်၊ ရိုက်နှက်ပြီးတော့ဖမ်းသွားတာ တချို့ဆိုနားထဲ က သွေးတွေတောင်ထွက်တယ်၊ ရန်ကင်း လယ်ဆည်ရုံးကို ခေါ်သွားတယ်လို့ ကြားတယ်"
ရွှေပြည်သာစက်မှုဇုန် ၃ က Costec ၊ Ford Glory နဲ့ Eland Myanmar အထည်ချုပ်စက်ရုံတွေက အလုပ်သမား ၅ဝဝ ကျော်လောက်ဟာ နေ့စဉ်ကြေး တစ်ရက်ကို ကျပ် ၅၅ဝ တိုးပေးဖို့ သပိတ်စခန်းဖွင့်ထားတဲ့ စက်မှုဇုန်ကနေ ရန်ကုန်မြို့ထဲအထိ မနေ့ကချီတက်လာစဉ် ဒညင်းကုန်းမှာ ပိတ်ဆို့ခံရတာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတွေ လမ်းလျှောက်ဆန္ဒပြကြတာကို သတင်းယူရင်း အဖမ်းခံရတဲ့ သတင်းထောက် နှစ်ဦး မနေ့ညက ပြန်လွတ်လာပါတယ်။
သူတို့နှစ်ဦးကို မနေ့ည ၇နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးစဉ်ကပါသွားတဲ့ ကင်မရာတွေကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းထားဆဲဖြစ်ပါတယ်။