နိုင်ငံရေးစားပွဲဝိုင်း မူဘောင်ရရှိရေး ပါတီ ၅၀ ကျော် ဆွေးနွေး


2014.09.13

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် နိုင်ငံရေးပါတီတွေအားလုံးရဲ့ ဘုံသဘော တူညီချက်ရရှိဖို့ နိုင်ငံရေးပါတီ ၅၃ ခု ဒီနေ့ စတင်ဆွေးနွေးနေပါတယ်။

ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ နိုင်ငံရေးပါတီ ၅၃ ခုက ခေါင်းဆောင်တွေ မနက်ဖြန်အထိ နှစ်ရက် ကြာ ဆွေးနွေးသွားမယ်လို့ ဖယ်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။

"ဒီနေ့ အဓိကဆွေးနွေးတာကတော့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်တဲ့အဆင့်ကိုရောက်လာရင် နိုင်ငံရေးပါတီများအခန်းကဏ္ဍဟာ အဓိကတစ်နေရာမှာ ပါလာမှာဖြစ် တဲ့အတွက် နိုင်ငံရေးပါတီအားလုံးရဲ့ကိုယ်စား၊ နိုင်ငံရေးပါတီအားလုံးရဲ့ ဘုံသဘောထားတူညီချက် တစ်ခုခုပေါ့နော်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားတူညီချက်ကို အားလုံးစုပြီးတော့၊ ယူပြီးတော့ ပြီးတော့ နိုင်ငံရေးလုပ်မယ်၊ နိုင်ငံရေးပါတီတွေများအားလုံက အဲ့ဒီဟာနဲ့ ဆွေးနွေးဖို့ အဓိကကြိုတင်ပြင် ဆင်နေတာဖြစ်ပါတယ်ခင်ဗျ"

တိုင်းရင်းသားညီနောင်များဖက်ဒရေးရှင်း NBF ၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီတွေတက်ရောက်ကြပြီး၊ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ UNA မဟာမိတ်တိုင်းရင်းသားပါတီတို့တော့ မတက်ရောက်ကြဘူးလို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပါတီတွေရဲ့ ခေါင်းဆောင်တွေက ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး သဘောထားတွေကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲရလာဒ်ကို မနက်ဖြန် ထုတ်ပြန်မယ်လို့ ဦးစောသန်းမြင့်က ပြော ပါတယ်။

ဦးစောသန်းမြင့်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။