နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေကြမ်း မနက်ဖြန် ဆက်လက်ဆွေးနွေးမည်
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်ချက် တင်သွင်းနိုင်ဖို့ အချိန်တိုးပေးသင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရင် ထောက်ခံမှာဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ချုပ်မောင်မောင် က ဒီနေ့ ဆွေးနွေးပါတယ်။
-
2016-04-04 -
-
-
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်ချက် တင်သွင်းနိုင်ဖို့ အချိန်တိုးပေး သင့်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရင် ထောက်ခံမှာဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် က ဒီနေ့ ဆွေးနွေးပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ထံ ဒီနေ့ တင်သွင်းခဲ့တာဖြစ်ပြီး ပြင်ဆင်ချင်တဲ့ ကိုယ်စားလှယ်တွေ မနက်ဖြန် စာရင်းပေးကြဖို့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာရာမှာ ဥပဒေကြမ်းကော် မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ်မောင်မောင် က အချိန်တိုးပေးဖို့ ဆွေးနွေးတာဖြစ်ပါတယ်။
"ကျနော်တို့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချိန်ကို လုံလုံလောက်လောက် ပေးသင့်တယ်လို့ ကျနော်က တင်ပြလိုပါတယ်၊ ကျနော်တို့အနေနဲ့ ဥပဒေပြုတဲ့နေရာမှာ အခုလိုအချိန်တိုအတွင်း ဆောလျဉ်စွာဆောင်ရွက် ရမယ်ဆိုရင်တော့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိ၊ နောက် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆိုတဲ့အနေ အထားမျိုးတွေကို စဉ်းစားစရာတွေဖြစ်ပါတယ်၊ ကျနော်တို့ တပ်မတော်သားများအနေနဲ့ လည်း ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့အညီ ဥပဒေကို လိုအပ်တဲ့ပြင်ဆင်ဆွေးနွေးမှုများကို ဆောင်ရွက် မှာဖြစ်ပါတယ်၊ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့အညီ ပြဌာန်းတယ်ဆိုရင် ကျနော်တို့ တပ်မတော်သားများ ကတော့ ထောက်ခံသွားမှာဖြစ်ပါတယ်၊ ဒီဥပဒေပြုတဲ့နေရာမှာ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ အညီ လိုအပ်တဲ့ စကားလုံးအသုံးအနှုန်းများ လိုအပ်တဲ့ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို ဘောင်ဝင်သွားအောင် ဆွေးနွေးမယ် ဆိုရင်တော့ ကျနော်တို့လည်း အားလုံးပါဝင်ပြီးတော့ ထောက်ခံသွားမှာဖြစ်တဲ့ အကြောင်း တင်ပြလိုပါတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ဥပဒေကို စဉ်းစားဆွေးနွေးနိုင်ဖို့ အတွက် ပြင်ဆင်ချက်များ တင်သွင်းနိုင်ဖို့အတွက် အချိန် လုံလုံလောက်လောက် ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်"
ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ တောင်းဆိုမှုကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က လက်မခံဘဲ မူလဆုံးဖြတ်ချက် အတိုင်း ပြင်ဆင်ချက်တင်သွင်းလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန် နောက်ဆုံးထား စာရင်းပေးကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ကို ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် က ဒီနေ့ တင်ပြခဲ့တာဖြစ်ပါတယ်။
အခန်း ၅ ခန်းပါတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို တစ်ခဲနက်ထောက်ခံမှုရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သက်တမ်း ဟာ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ကြောင်း ပါရှိပါတယ်။