ပင်လုံညီလာခံ အားလုံးတက် ခွင့်ပေးဖို့ ပါတီ ၃ဝ တောင်းဆို


2016.07.30

၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးပါတီအားလုံး တန်းတူညီမျှစွာပါဝင်ခွင့်ပြုဖို့ ရန်ကုန်တိုင်းအခြေစိုက် နိုင်ငံရေး ပါတီ ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ Orchid Hotel မှာ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA က ဦးစီးကျင်းပတဲ့ နိုင်ငံရေး ပါတီ များ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက် တာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အား စုပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးတိုးတိုး က ပြောပါတယ်။

"NCA စာချုပ်ပါ ၁၂ (က)အရ၊ နိုင်ငံရေးပါတီတွေအကုန်လုံးကို တက်ရောက်ဖို့တောင်းဆိုတာပါ၊ ဘာလို့ လည်းဆိုတော့ ဒီလူတွေအကုန်လုံးက ပထမပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အကုန်တက်တဲ့ လူတွေလေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်လုံးလည်းပါလာတဲ့ ပါတီတွေများတယ်၊ ရွေးကောက်ပွဲမှာ မနိုင်လို့ချန်ထားတယ်ဆိုတာတော့မဖြစ်သင့်ဘူး၊ နိုင်ငံရေးကိစ္စက နိုင်ငံရေးပါတီအကုန်လုံးနဲ့လည်းဆိုင်တယ်၊ ငြိမ်းချမ်းရေးကိစ္စက ပိုလို့တောင်ဆိုင်သေးတယ် ဆိုပြီး ဆွေးနွေးကြပါတယ်"

နိုင်ငံရေးပါတီ ၉၀ ကျော်ထဲက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိတဲ့ ပါတီတွေကိုသာ ၂၁ ရာစု ပင်လုံညီလာခံ လို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှာ ပါဝင်ခွင့်ပေးမှာဖြစ်ပြီး ကျန်တဲ့ပါတီတွေက ငြိမ်းချမ်းရေးညီလာခံထံ အကြံပြုချက်တွေ တင်ပြဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆွေးနွေးရမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားတာဖြစ် ပါတယ်။

သြဂုတ်လမှာ ကျင်းပဖို့ရှိတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအထိမ်းအမှတ် အခမ်းအနားကိုလည်း နိုင်ငံတော် အစီအစဉ်နဲ့ လုပ်ဆောင်ဖို့လိုအပ်တယ် လို့ နိုင်ငံရေးပါတီတွေက ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ရေး၊ လူမျိုးရေးဘာသာရေးနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေ တဲ့ ပဋိပက္ခ တွေ ချုပ်ငြိမ်းရေး စတဲ့ခေါင်းစဉ်တွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စတဲ့ ပါတီ ၃၀ လောက်က ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်ခဲ့ ကြတာဖြစ်ပါတယ်။

နိုင်ငံရေးပါတီအားလုံး ၂၁ ရာစု ပင်လုံညီလာခံမှာ တန်းတူပါဝင်ခွင့်ရရှိဖို့ နဲ့ သြဂုတ်လမှာ ကျင်းပမယ့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား ကို နိုင်ငံတော်အစီအစဉ်နဲ့ ကျင်းပဖို့ ရန်ကုန်တိုင်း အခြေစိုက် နိုင်ငံရေးပါတီ ၃၀ကျော်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့Orchid ဟိုတယ်မှာ ကျင်းပတဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးတိုးတိုး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။