အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့ အကျဉ်းသား အကျဉ်းသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် အကျဉ်းဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့အစည်းတစ်ခုက နိုင်ငံရေး အကျဉ်းသားများဆိုပြီး ထုတ်ပြန်ထားတဲ့ ၄၈ ဦးစာရင်းကို စစ်ဆေးရာမှာ နိုင်ငံရေးဆောင်ရွက်လို့ ပြစ်ဒဏ်ကျခံနေရသူတွေမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောင့်ယှက်တာ၊ လက်နက်ကိုင်ဆောင်တာ၊ နိုင်ငံတော်ပုန်ကန်တာ၊ အကြမ်းဖက်တာ၊ မူးယစ်ဆေးဝါးသယ်ဆောင်တာတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ကြောင်း တေ့ွရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေ လျော့နည်းသက်သာအောင် နိုင်ငံရေးအကျဉ်းသားလို့ အမည်ခံထားတာသာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီလိုထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အစိုးရဘက်က နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့၊ နိုင်ငံရေးအကျဉ်းသားစာရင်း ပြုစုဖို့ ပျက်ကွက်နေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြီးခဲ့တဲ့ မတ်လကုန်အထိ ပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသားဟောင်း ၄၈ ဦး ကျန်ရှိနေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မန္တလေးထောင်နဲ့ မြင်းခြံထောင်တို့ကနေ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခံထားရသူ တစ်ဦးစီ လွတ်မြောက်ခဲ့တဲ့အတွက် AAPP စာရင်းတွေအရ ၄၆ ဦး ကျန်ရှိနေတယ်လို့ သိရပါတယ်။
