နိုင်ငံရေး အကျဉ်းသား ၃ ယောက် ပြန်လွတ် ၂ ယောက်ရုံးတင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိုစိန်လှိုင်၊ ကိုရွှေဂျိုးနဲ့ မချိုတို့ ၃ ယောက်ဟာ နယ်ထောင် အသီးသီး ကနေ ထောင်ဒဏ် နှစ်စေ့ပြီး ဒီနေ့ ပြန်လွတ်လာ ကြပါတယ်။

2011.09.02
poster-campaign1-305 ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
Photo: RFA

ကိုစိန်လှိုင်က မြစ်ကြီးနားထောင်၊ ကိုရွှေဂျိုးက ဗန်းမော်ထောင်နဲ့ မချိုက ကသာထောင် ကနေ ပြန်လွတ် လာကြတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုစိန်လှိုင်ကို RFA က ဆက်သွယ် မေးကြည့်တဲ့ အခါ အခုလို ပြောပါတယ်။

“ဖမ်းသွားတာက ၆ ရက် ၃ လ ၂၀၀၉ ရဲက တရားစွဲ တင်တဲ့အခါ အဲဒီရက်ကို မပေးဘူး။ ၆ လ လောက် ကွာနေတယ်။ ၃ ယောက်လုံး ချုပ်ရက် မရှိဘူး ဖြစ်နေတယ်။ အခု ၂ နှစ် ခြောက်လ နဲ့ လွှတ်လာတယ်”

ကိုစိန်လှိုင်တို့ဟာ နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေးတွေ ဆောင်ရွက် နေကြရင်း သူတို့ကို ပြည်ပရောက် အင်အားစုတွေက ငွေထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၀၉ ခုနှစ်မှာ စစ်အစိုးရ က ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ် လိုက်ပြီး၊ အင်းစိန်ထောင် ကနေ နယ်ထောင်တွေကို ပို့လိုက်တာပါ။

ပြီးခဲ့တဲ့ မေလမှာ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က အကျဉ်းသား အားလုံးကို ပြစ်ဒဏ် ၁ နှစ်စီ လျှော့ပေးတုန်းက ကိုစိန်လှိုင်တို့ ၃ ဦး ခံစားခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် ထောင်ဒဏ် ၃ နှစ်မှာ ၁ နှစ်လျော့သွားလို့ ပြစ်ဒဏ် ၂ နှစ်ပဲ ကျခံရမှာ ဖြစ်ပေမယ့် ကိုစိန်လှိုင်တို့က ၂ နှစ်နဲ့ ၆ လစီ နေခဲ့ရတာ လို့သိရပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ကပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထားတဲ့ ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်း တို့ ၂ ဦးကို မနေ့က ပြည် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပြည်ထောင်ကို ပြောင်းရွှေ့ လိုက်ကြောင်း သတင်းရရှိ ပါတယ်။

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်း တို့ကို ပုံနှိပ်ဥပဒေ၊ လိုင်စင်မဲ့ဆိုင်ကယ် စတဲ့ ပုဒ်မတွေနဲ့ ရဲက ပုဒ်မတပ်ပြီး ယမန်ယူ ခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ပြည်မြို့က လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်အေးက အခုလိုပြောပါတယ်။

“ရုံးမှာက ဥပဒေ တမျိုး မနေ့က တင်တော့ ပုံနှိပ်ထုတ်ဝေမှုနဲ့ တင်တယ်။ သဲကုန်းမြို့မှာက လိုင်စင်မရှိဘဲ ဆိုင်ကယ် ပိုင်ဆိုင်မှုပေါ့ ထုတ်ကုန် သွင်းကုန် ဥပဒေနဲ့ ထောင်ဒဏ်က ၇ နှစ် ရှိတယ်။ ဝေဖြိုးနဲ့ ဇာနည်ထွန်းတို့ဟာ အဲဒီ ဥပဒေတွေနဲ့ ရင်ဆိုင်နေရတယ်။ မနေ့က ရုံးမှာတွေ့တော့ အနှိပ်စက် ခံရတယ်လို့ ကျနော့်ကို ပြောတယ်။ ၄၈ နာရီလုံးလုံး ထမင်းမကျွေးဘဲ ဒူးထောက်ခိုင်း ထားတယ်လို့ ကျနော့်ကို ပြောတယ်”

ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို Generation Wave အဖွဲ့နဲ့ ပတ်သက် သလားလို့ မေးမြန်းပြီး အင်းမရဲစခန်းနဲ့ ပြည်အမှတ် ၂ ရဲစခန်းတွေမှာ ညှင်းပန်း နှိပ်စက်တာ ရှိခဲ့တယ်လို့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းက ပြည်မြို့ ရွှေဘုန်းပွင့် ဘုရားအနီး နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ကပ်ခဲ့တယ်လို့ စွပ်စွဲပီး သူတိုကို ဖမ်းထားတာ ဖြစ်ကြောင်း သိရပါတယ်။

သူတို့ နှစ်ဦးကတော့ ဒီစွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းက သူတို့နှစ်ဦး ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် အင်းမ ရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကိုဝေဖြိုးက အုပ်ဖိုမြို့က ဖြစ်ပြီး ကိုဇာနည်ထွန်းက ပြည်မြို့က ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။