မနေ့က အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာသူတွေထဲမှာ ပြစ်ဒဏ်ချမှတ်ခံရထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိသေးသလို တရားရင်ဆိုင်နေရဆဲ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်အရ အားလုံးဟာ သြင်္ကန်ပြီးရင် လွတ်မြောက်နိုင်ကြောင်း AAPP အဖွဲ့ဝင် ကိုအောင်မျိုးကျော် က ပြောပါတယ်။
"အမိန့်ချပြီးသားလူတွေ တစ်ယောက်မှမပါသေးပါဘူး၊ သြင်္ကန်ပြီးလောက်မှာ ဆက်ပြီးတော့ အကောင်အထည်ဖော်သွားမယ်လို့ ကျနော်တို့ ယုံကြည် တယ်၊ ဒေါ်အောင်ဆန်းစုကြည်ထုတ်ထားတဲ့ ကြေညာချက်မှာကိုက ၂၀၄ ကအရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရတယ်၊ သမ္မတက၊ အဲ့ကြေညာချက်ရဲ့အပိုဒ် ဂ မှာက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၄ အရ တရားရင်ဆိုင်နိုင်တဲ့အမှုတွေကို တရားရုံးမှာ ရုပ်သိမ်းပြီးတော့ လွတ်ပေးလို့ရတယ်၊ ကြေညာချက်ထဲက အပိုဒ် ဂနဲ့ ကျောင်းသားတွေကို အရင်ဆုံးလွှတ်ပေးလိုက်တယ်၊ သြင်္ကန်အပြီးမှာ ကျန်တဲ့သူတွေအကုန်လွတ်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"
AAPP ရဲ့ စာရင်းတွေအရ ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ရှိနေတာဖြစ်ပြီး တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိနေတာကို မနေ့က ၁၀၀ နီးပါး ပြန်လည်လွတ်မြောက်လာရာ ၃၀၀ ကျော် ကျန်နေသေးတာဖြစ်ပါတယ်။
တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ အမှုတွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နော်အုန်းလှ၊ ကိုထင်ကျော်တို့ဟာ မြို့နယ်တရားရုံး တချို့က အမှုကို ရုပ်သိမ်းပေးလိုက်ပေမယ့် မြို့နယ်အတော်များများမှာ အမှုတွဲတွေ ကျန်နေပါတယ်။ AAPP ရဲ့ စာရင်းတွေထဲမှာ Unity ဂျာနယ် သတင်းသမား ၅ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးအကျဉ်းကျနေသူတွေလည်း ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ဖို့အတွက် နည်းလမ်း ၃ ခုနဲ့ ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ဧပြီလ ၇ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် မှာ ကျောင်းသား ကျောင်းသူတွေ နဲ့ သြင်္ကန်ကာလအတွင်း လွတ်ရက်စေ့သူတွေ မနေ့က လွတ်မြောက်ခဲ့ပါတယ်။
အဲဒီနောက် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးတွေ ဖွင့်လှစ်တဲ့ အချိန်မှာ အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။
