၂၁ ပင်လုံညီလာခံကို လာမယ့်လေးလအတွင်း ကျင်းပနိုင်ဖို့ ဆွေးနွေး

အောင်မိုးမြင့်
2020-01-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ NCA အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ဒီအစည်းအဝေးကနေ ရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ ၂၁ ပင်လုံ ကျင်းပနိုင်ရေး သတ်မှတ်ထားတဲ့ အချိန်ကာလနဲ့ အံဝင်အောင် လုပ်ဆောင်ဖို့နဲ့ ထိပ်သီးခေါင်းဆောင်တွေ သဘောတူထားတဲ့ ဆန္ဒတွေကို အလေးပေးဆောင်ရွက်သွားဖို့ အဓိက တိုက်တွန်းခဲ့ပါတယ်။

ဒါဟာ တရားဝင်ဆွေးနွေးပွဲတွေ ဆက်တိုက် အကောင်အထည်ဖော်နိုင်အောင် တိုက်တွန်းသွားတာဖြစ်ပြီး ဒီလိုပြောရတာဟာ PPST အဖွဲ့ဝင်တွေအကြား သဘောထား မတူညီမှုတွေ ရှိနေတာကြောင့်လို့ PPST အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သတင်းထောက်တွေကို ပြောပါတယ်။  

"ဒါ အရေးကြီးတဲ့ အစည်းအဝေးဖြစ်တယ်၊ ဘာကြောင့်လည်းဆိုတော့ တရားဝင်ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတဲ့ တစ်နှစ်ကျော်ကာလမှာ ပထမဦးဆုံး ပြန်စတဲ့ တရားဝင်ဆွေးနွေးပွဲက JICM ဖြစ်တယ်၊ ဒါကြောင့် JICM တရားဝင်ဆွေးနွေးပွဲကနေ နောက်ထပ် တရားဝင်ဆွေးနွေးပွဲ ဆက်တိုက် ဆက်တိုက် ပေါ်သွားပေါ့ အလွတ်သဘောတွေ ကပျက်ရပျက် လုပ်တာတွေ မပေါ်အောင် သတိပေးတဲ့အနေနဲ့ပေါ့။ ဒီမနက် မိန့်ခွန်းမှာ ပါသလိုပဲ သတ်မှတ်ထားတဲ့ လေးလ ကာလမှာ ၂၁ ရာစုပင်လုံ ပေါ်ထွန်းအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းပါလို့ နာယက သဘာပတိ က လမ်းညွှန်တယ်လေ။ ဒါက သူသိတယ်၊ ပိုတက်ရှင်းရီဒ့်ပေါ့။ အဲဒီဟာကို သတ်မှတ်တဲ့အတိုင်း မဖြစ်အောင် လုပ်ချင်တဲ့ အင်အားစု ရှိတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရင် ရှိတယ်၊ ဘယ်သူလဲတော့ မပြောဘူး၊ ရှိတယ် နည်းမျိုးစုံနဲ့လည်း အချိန်ကိုက် မဖြစ်အောင် ဖန်တီနိုင်တယ်၊ သို့သော်လည်းပဲ ဘာဖြစ်ဖြစ် အများသဘောတူ ၁၀ ဖွဲ့မှာ ၉ ဖွဲ့ ၁ ဖွဲ့လောက် ဖြစ်ချင်ဖြစ်မှာပေါ့၊ ကိုးဖွဲ့သဘောတူ အစိုးရ တပ်မတော် လူကြီးပိုင်းတွေ ကတိကဝတ် ထားပြီးတော့ သဘောတူတဲ့ဟာကို လိုက်ပါ ဆိုပြီးတော့ မနက်က သဘာပတိ မိန့်ခွန်းပေးတဲ့ဟာပါတယ်။ လူကြီးတွေက ကတိတည်တယ် တာဝန်ကျေတယ် ဆုံးဖြတ်ပြီးပြီ။ အနှောက်အယှက်မရှိဘဲနဲ့ ဆက်လုပ်ကြ ဆိုတဲ့သဘောမျိုးပါတယ်။ အဲဒါကိုလည်း ကျနော်တို့က အနှောက်အယှက် မရှိဘူးလို့လည်း အခုအချိန်အထိတော့ သတိထားပြီးတော့ လုပ်ရတာပေါ့ မရှိဘူးလို့လည်း မပြောနိုင်ဘူး။"

NCA အပစ်ရပ် ၁၀ ဖွဲ့အကြား ညီညွတ်မှု မရှိဖြစ်နေကြတယ်လို့ သုံးသပ်သူတွေ ရှိနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့တော့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ကတော့ --

"ညီညွတ်မှု ဆိုတာက ဒီ ကျနော်တို့ မတူညီတဲ့ ဒီ ဘက်ဂရောင်း တွေကနေ ရှိတယ်၊ ဦးတည်ချက် တစ်ခုတည်းကို ဦးတည်တဲ့ အဖွဲ့အစည်းတွေ စုစည်းထားတဲ့ စပေ့ရှ် တစ်ခုဖြစ်တာကို အဲတော့ လူသားရယ် လို့ဖြစ်မယ်ဆိုရင် အဖွဲ့အစည်းဆို ပိုဆိုးတာပေါ့ မတူညီမှုတွေက အမြဲတမ်းရှိတယ်။ ဒါကို ညှိနှိုင်းအဖြေရှာပြီးတော့ ဘုံတစ်ခု ရှာဖို့သွားရမှာပဲလေ၊ အဲ့တော့ ဒါကတော့ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆက်ပြီး သွားရမည့် ကိစ္စတွေ ဖြစ်ပါတယ်။"

ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဟာ အစိုးရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ တစ်ဆို့လာတာကြောင့် တရားဝင်ဆွေးနွေးလမ်းကြောင်းတွေကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ရပ်ဆိုင်းခဲ့ပြီး အလွတ်သဘော တွေ့ဆုံမှုတွေနဲ့ အဖြေရှာမှုတွေ လုပ်ခဲ့ရာကနေ အခုအခါ အစိုးရနဲ့ သဘောတူညီမှုတွေ ရခဲ့ပြီဖြစ်လို့ တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်သွားတော့မှာ ဖြစ်တယ်လို့ ပဒိုစောတာဒိုမူး က ဆက်ပြောပါတယ်။  

"ကျနော်တို့ ရပ်လိုက်တဲ့ အဓိကက ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ် တည်ဆောက်မှု လုပ်ငန်းစဉ်က ဘာမှ ရေရေရာရာ မရှိတဲ့အတွက်ကြောင့် ကျနော်တို့ အလွတ်သဘောနဲ့ ဆွေးနွေးပြီးတော့ အခု ရေရေရာရာဖြစ်အောင် ဒီ အဆင့် ၃ ဆင့်နဲ့ သွားမယ်၊ နောက် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိုလည်း အဆင့်တစ်ဆင့်အနေနဲ့ တည်ဆောက်ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတဲ့ အခြေခံကို ဒီလိုပုံစံနဲ့ သွားသင့်တယ်ဆိုတဲ့ စဉ်စားမှုကို အစိုးရ တပ်မတော်ဖက်က လက်ခံတယ် အဲ့အတွက်ကြောင့် ကျနော်တို့ တရားဝင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။"

ဒီကနေ့ အစည်းအဝေးမှာတော့ အစိုးရနဲ့ JICM အစည်းအဝေးမှာ သဘောတူခဲ့ကြတဲ့ အချက် ရှစ်ချက်ထဲက  ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စ၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာမူများကိစ္စနဲ့ အခြေခံမူများ စတဲ့ အချက် သုံးချက်ကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ကျနော်တို့ ဒီ NCA အကောင်အထည်ဖော်မှုထဲမှာပါတဲ့ အခန်း ၃ တို့ အခန်း ၄ တို့ အခန်း ၆ တို့ အဲဒါတွေကို ဆွေးနွေးမယ်၊ အဲဒါပါတယ်၊ နံပါတ် ၂ ကတော့ ကျနော်တို့ ၂၀၂၀ မတိုင်ခင်မှာ ဘာလုပ်မလဲ၊ ၂၀၂၀ အလွန်မှာ ဘာတွေလုပ်မလဲ လုပ်ငန်းစဉ်တွေကို သဘောတူမယ် ချမယ်၊ နံပါတ် ၃ ကတော့ ဖက်ဒရယ်အခြေခံမူတွေရအောင် လုပ်မယ်၊ အဲ့ဒီ ဖက်ဒရယ်အခြေခံ မူက ဘယ်ဟာတွေ ကိုယ်ကလိုချင်သလဲ ၂၀၂၀ မတိုင်ခင် ဘာအာမခံချက်လိုချင်သလဲ၊ ၂၀၂၀ လွန်သွားရင် ဘာအာမခံချက် ထွက်အောင်လုပ်မလဲ၊ အဲ့ဒီ စသည်ဖြင့်ပေါ့လေ၊ နောက် NCA ထဲမှာ အကောင်အထည်ဖော်ဖို့ ကျန်နေတဲ့ အခန်း ၃ အခန်း ၄ အခန်း ၆ စသည်ဖြင့် ဒါတွေကိုလည်း ဆွေးနွေးမယ်ဆိုတော့ JMC အစည်းအဝေးကလည်း တရားဝင် ပြန်လာတော့မယ်၊ UPDJC အစည်းအဝေးကလည်း တရားဝင် ပြန်လာတော့မယ်၊ အဲဒီ ပြန်လာတဲ့ အစည်းအဝေးတွေမှာ ဒီလိုချင်တဲ့ ညှိနှိုင်းချင်တဲ့ ပြင်ဆင်ချင်တဲ့ မူဘောင်ကို ပြင်ချင်တယ်ဆိုရင် မူဘောင်ကို ဘယ်နေရာတွေ ပြင်ချင်လဲ စသည်ဖြင့်ပေါ့ အဲ့ဒါတွေ ဆွေးနွေးနေတာပါ အခုဆွေးနွေးနေတာ။"

ဒီအစည်းအဝေးကနေရရှိလာတဲ့ အချက်တွေကိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ ဖွဲ့စည်းပေးထားတဲ့ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ကနေပြီး အစိုးရနဲ့ ရန်ကုန်မြို့မှာ အခုလ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ နှစ်ဘက် တွေ့ဆုံညှိနှိုင်းမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

"အခု မွန်က ၂၂ ရက်နေ့မှာ စစ်တပ်နဲ့ Bilateral ဆွေးနွေးပြီးပြီ၊ ပြေလည်သွားတယ်၊ ကျနော်တို့ RCSS က ၂၅ ရက်နေ့မှာ တပ်နဲ့ ဆွေးနွေးမယ်၊ Bilateral သူတို့လိုချင်တဲ့ကိစ္စကို၊ ၂၆ မှာ KNU က စစ်တပ် နဲ့ ဆွေးနွေးမယ် သူတို့လိုချင်တဲ့ကိစ္စ၊ အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ ၂၈ မှာအစိုးရနဲ့အဖွဲ့ နဲ့ ပြန်ညှိမယ် ညှိနှိုင်း‌ရေးအဖွဲ့က ပြန်ထိုင်မယ်၊ ပြန်ညှိမယ်၊ အဲဒီက ထွက်လာတဲ့ ရလဒ်တွေကိုလည်း သူတို့က နည်းနည်းလေး အကျိုးရှိရှိပေါ့လေ ရလဒ်ကောင်းဖြစ်အောင် ကြိုးပမ်းနေတယ်။"

အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP စတဲ့ အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အပစ်ရပ်လက်မှတ်ထိုးဖို့ ကျန်နေတဲ့ မြောက်ပိုင်းလေးဖွဲ့အပြင် KNPP ကတော့ ပဏာမ အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ အစိုးရ၊ တပ်မတော်နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် အခုချိန်ထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီခေါင်းဆာင် ဗိုလ်ချုပ်ကြီး ယွက်စစ် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ မပါဝင်နိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တစ်ချိန်ချိန်မှာ ပါဝင်လာနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းစဉ်တွေကို တိတိကျကျ ချမှတ်ဖို့နဲ့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး အရေးကြီးတဲ့အကြောင်း ပြောခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့