အပစ်ရပ် ၁၀ ဖွဲ့ရဲ့ PPST အစည်းအဝေး ချင်းမိုင်မှာကျင်းပ


2019.08.21
ppst-nca-s-eao-meeting-622.jpg ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ၂၀၁၉၊ သြဂုတ် ၂၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
ဓါတ်ပုံ - အောင်မိုးမြင့်/ RFA

တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တူညီတဲ့ ဘုံသဘောထား ရယူပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်မယ့် ဘုံသဘောတူညီမှုတွေ ရရှိဖို့အတွက် ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ အစည်းအဝေးဟာ မေ ၁၈ ရက်နေ့က PPST ကနေ ညှိနှိုင်းအဖွဲ့ PPCM ပြောင်းလဲရာမှာ သဘောထားကွဲလွဲမှုတွေကို ပြန်လည်စည်းရုံးဖို့ သဘောဖြစ်တယ်လို့ PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှု ကျော်လွှားရေးကိစ္စ၊ အစိုးရက အဆိုပြုလာတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးရေး နည်းလမ်း လေးရပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ  ၂၁ ရာစု ပင်လုံ ကျင်းပရေးမှာ ရလဒ်ကောင်းထွက်ရှိရေးကိစ္စတွေ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST စုဖွဲ့မှု စတဲ့ ကိစ္စတွေကို အဓိက ဆွေးနွေးသွားကြဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေအနေနဲ့ ၂၀၀၈ ဖဲ့ွစည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ပြင်ပဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ တွန်းအားပေးသွားမယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီအစည်းအဝေး မကျင်းပမီ သြဂုတ်လ ၁၉  ရက်နေ့ကလည်း အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်တဲ့အဖွဲ့ ချင်းမိုင်မြို့ကို ရောက်ရှိချိန်မှာ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တေ့ွဆုံဖို့ ကမ်းလှမ်းခဲ့တာရှိတယ်လို့ သိရပါတယ်။

တပ်မတော်ရဲ့ အပစ်ရပ်ကာလဟာလည်း ဒီသြဂုတ်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်သလို NCA လက်မှတ်ရေးထိုးခဲ့တာဟာလည်း လေးနှစ်ပြည့်တော့မှာဖြစ်ပေမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းဟာ ဝေးဝါးနေဆဲပဲလို့ ဒီကနေ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် အနေနဲ့ PPST အစည်းအဝေးတွေမှာ မြန်မာလို အစအဆုံး မိန့်ခွန်းပြောတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

လေးရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးကိုတော့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ် ၈၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

(RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။