လာမယ့်ရွေးကောက်ပွဲတွေမှာ PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေးအတွက် ဒီနေ့ အမျိုးသားလွှတ်တော်ကဖဲ့ွစည်းထားတဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးရေး အကောင်အထည်ဖော် မှုကော်မရှင်က ပီအာစနစ် ၄ မျိုးအကြောင်း ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ပီအာစနစ်လေးမျိုးထဲက တစ်မျိုးကိုသာ ဒီနေ့ ဆွေးနွေးနိုင် ခဲ့ကြောင်း ပီအာစနစ် ကျင့်သုံးရေး အကောင်အထည်ဖော် မှု ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်က အခုလိုပြောပါတယ်။
"ပီအာစနစ်ကို သုံးမယ်ဆိုလို့ရှိရင် မဲဆန္ဒနယ် တစ်နယ်ထက်ပိုတဲ့ နေရာမျိုးရှိရမယ်လေ ပါတီက မဲဆန္ဒနယ်တစ်နယ်မှာ ကိုယ်စားလှယ်ဟာ တစ်ဦးထက်ပိုတဲ့ကိုယ်စားလှယ်တွေ ရှိဖို့လိုတာကို ပါတီတစ်ခုစီ တစ်ခုစီကနေပြီးတော့ ကိုယ်စားလှယ် ရှိသလောက်က ဒီမဲဆန္ဒနယ်မှာ ရှိသလောက်ကို ကိုယ်စားလှယ် စာရင်းကို ပေးရမယ်၊ ကော်မရှင်က အလုပ် လုပ်တဲ့အခါမှာ နည်းနည်းခဲရာခဲဆစ်ရှိမယ် နောက်တစ်ခုက ပါတီစာရင်းတွေများတဲ့အခါမှာ ပါတီနာမည် လည်းပါမယ် လူနာမည်လည်းပါမယ် စသည်အားဖြင့် မဲဆန္ဒပေးမဲ့လူတွေအတွက်က နည်းနည်းအခက် အခဲရှိရမယ် ဗမာပြည်မှာက စာမတတ်တဲ့လူတွေရော သက်ကြီးရွယ်အိုတွေရော အားလုံးပေါင်းရင် သူတို့ အတွက် အခက်အခဲရှိပါတယ်"
ပီအာစနစ်လေးမျိုးကို အမျိုးသားလွှတ်တော်မှာဖွဲ့ထားတဲ့ ဥပဒေပညာရှင်တွေက ချပြတာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်အဖွဲ့ဝင်တွေက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး အားနည်းချက် အားသာချက်တွေကို ဆွေးနွေးရမှာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ကို ပြီးခဲ့တဲ့ ဇွန်လက အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဒေါ်ခင်ဝိုင်းကြည်ရဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့တာကြောင့် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရေး အကောင်အထည်ဖော် မှုကော်မရှင်ကို အမျိုးသားလွှတ်တော် ဥက္ကဌက ဖွဲ့စည်းပေးခဲ့ပါတယ်။
အဲ့ဒီကော်မရှင်ထဲမှာပါဝင်တဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်တော်များများက နှုတ်ထွက်ခဲ့ကြပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်ကို RFA အဖွဲ့သား ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။