သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေးအကျဉ်းသားတချို့ပါ

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၅၁၄ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။

2012-09-17
Share
prisoner-family-305 မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
AFP

ဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၅၀၀ ကျော် လွှတ်ပေးတယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ဦးပါမလဲဆိုတာ သေသေချာချာ မသိရသေးပါဘူး။

အာအက်ဖ်အေက စုံစမ်းရရှိတဲ့ အရေအတွက်အရ အင်းစိန်ထောင်က လွှတ်လာတဲ့ အကျဉ်းသား ၁၁ ယောက်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၇ ယောက်ပါတယ်လို့ သိရပါတယ်။

သူတို့အမည်တွေကတော့ Sonny (ခ) စံရှား၊ ကိုမျိုးမြတ်ထွန်း (ခ) ကိုမျိုး၊ ကိုထွန်းဝင်း၊ ကိုကျော်ကျော်လှိုင်(ခ) ကိုထွန်းထွန်းနိုင်၊ ကိုအောင်ဇော်လင်း၊ ကိုအောင်ကိုဝင်းနဲ့ ကိုချမ်းသာတို့ ဖြစ်ပါတယ်။သူတို့ ၇ ဦးစလုံးရဲ့ အမှုတွေဟာ တရားမဝင် အသင်းအပင်း ဖွဲ့စည်းမှုအပြင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေ များတယ်လို့လည်း သိရပါတယ်။

အလားတူ တောင်ကြီးထောင်က နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးနဲ့ ကိုဆန်နီအပြင် သာယာဝတီထောင်က လွှတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦး ပါတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ရဲ့ စာရင်းတွေအရ အကျဉ်းထောင်များမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃၀ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPP အဖွဲ့ အဆိုအရ လတ်တလော လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို မသိရသေးဘူးလို့ ပြောပါတယ်။ AAPP အဖွဲ့ စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။

ထောင်ဒဏ် (၄၂) နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ဦးရွှေထူးကို ဒီကနေ့ ညမှာ တောင်ကြီးထောင်ကနေ လွှတ်ပေးလိုက်တယ်လို့ ထောင်အာဏာပိုင်တွေ ပြောကြောင်း သားဖြစ်သူ ကိုရွှေသွေးက ပြောပါတယ်။

ဦးရွှေထူး (ခ) ဦးအောင်ဇေယျဟာ အထက (၁) မန္တလေးမြို့ရဲ့ အထက်တန်းပြ ကျောင်းဆရာဟောင်းတစ်ဦး ဖြစ်ပါတယ်။ သူ့ကို မြန်မာ့တပ်မတော် တပ်မဟာ (၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်နှင့် ဒေါ်မြသွေးတို့မှ နိုဝင်ဘာလ (၂၀) ရက် ၁၉၄၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

၁၉၈၈ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ်မှာ အကျဉ်းထောင်မှ လွှတ်မြောက်လာပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ပြန်လည် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် စုစုပေါင်း (၄၂) နှစ် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် ၂၀၀၀ ခုနှစ်မှာ မန္တလေးအိုးဘို အကျဉ်းထောင်ကနေ တောင်ကြီး အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ဦးရွှေထူးရဲ့သား ကိုရွှေသွေးကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့