"ခေတ်သစ်ပိုးလမ်းမကြီး" ကို မြန်မာ လေ့လာ (သမ္မတဦးထင်ကျော်)
2017.04.07

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတဦးထင်ကျော် က မြန်မာနိုင်ငံအနေနဲ့ "ခေတ်သစ်ပိုးလမ်းမကြီး" တည်ဆောက်ရေးမှာ ပါဝင်သွားဖို့ လေ့လာနေတဲ့အကြောင်း Shaanxi ရှန့်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးကို ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ဒီနေ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှန့်ရှီးပြည်နယ်ကို သွားရောက်စဉ်မှာ ပြောခဲ့တာပါ။
ဒီခရီးစဉ်အတွင်း သမ္မတ ဦးထင်ကျော်ဟာ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားဆိုင်ရာ သဘောတူညီမှုစာချုပ် ၆ ခုလောက် ချုပ်ဆိုဖို့ ပြင်ဆင်သွားတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ပြောပါတယ်။
တရုတ်အစိုးရထုတ် Global Times သတင်းစာက ဒီကနေ့ ရေးသားရာမှာတော့ မြန်မာသမ္မတရဲ့ ခရီးစဉ် အတွင်း ဆွေးနွေးကြမယ့် အရေးပါတဲ့ကိစ္စရပ်တွေထဲမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ အရေးကိစ္စတွေက အဓိကဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒ့ါပြင် နှစ်နိုင်ငံဆွေးနွေးကြမယ့် ကိစ္စရပ်တွေထဲမှာ တရုတ်အစိုးရရဲ့ One Belt One Road လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး ဖောက်လုပ်ရေးကိစ္စ၊ မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စ၊ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာအစိုးရဟာ ၂ဝ၁၆ ခုနှစ် မတ်လက အာဏာရလာပြီးနောက် စီးပွားရေးမူဝါဒတွေကို ချမှတ်ခဲ့ပေ မယ့် မျှော်မှန်းထားသလောက် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ တချိန်တည်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟာလည်း အထူးသဖြင့် အမေရိကန်နဲ့ ဥရောပက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းခဲ့ကြောင်း၊ ဒါကြောင့် မြန်မာသမ္မတအနေနဲ့ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေမှာ တရုတ်နဲ့ အရင်ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အခုခရီးစဉ်အတွင်း ဆွေးနွေးမယ့် အလားအလာ ရှိတယ်လို့လည်း ယူနန် ပြည်နယ် လူမှုရေးသိပ္ပံအကယ်ဒမီက ပါမောက္ခ Zhu Zhenming ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။