သမ္မတ ဦးထင်ကျော်နဲ့ ရခိုင်ကော်မရှင် တွေ့ဆုံ
2016.12.05

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က နှစ်ဖက်လူ့အသိုင်းအဝန်းအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပါမှု၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ ကောလာဟလသတင်းတွေကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ အခွင့်အရေးတွေရရှိဖို့၊ ရခိုင်ပြည်နယ် အတွင်း စီးပွားရေးအလားအလာတွေ ကောင်းမွန်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် နှစ်ဖက် အသိုင်းအဝန်းအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေကတဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာသင်တန်းတွေ တိုးမြှင့်ဖွင့်လှစ်သွားနိုင်မယ့် အလား အလာတွေဖော်ထုတ်ဖို့ စတဲ့ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းလည်း ပါရှိပါတယ်။
မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ပထမအကြိမ် ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။