လက်ဆောင် ရယူခြင်းစည်းကမ်းများ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေ လိုက်နာရမယ့် လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်ကို နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ဆောင်ပစ္စည်းတစ်ခုဟာ တန်ဖိုး ငွေကျပ် နှစ်သာင်းခွဲထက်မပိုတဲ့ လက်ဆောင်ပစ္စည်းကိုသာ လက်ခံ ခွင့်ပြုကြောင်းနဲ့ တစ်နှစ်ကို ငွေကျပ်တစ်သိန်းထက် ပိုပြီးလက်ခံခွင့်မပြုကြောင်း ညွှန်ကြားလိုက်ပါတယ်။

လက်ဆောင်ပစ္စည်းဆိုရာမှာ ရွှေ၊ ငွေ ၊ လေယာဉ်လက်မှတ်၊ တည်းခိုခွင့်၊ စားသောက်ခွင့်နဲ့ ဂေါက်သီးအသင်း ဝင်ကြေးတွေ အကြုံးဝင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားအစိုးရက ပေးအပ်တဲ့ လက်ဆောင် ပစ္စည်းဖြစ်ခဲ့ရင် ငွေကျပ်လေးသိန်းထက် မပိုတဲ့ ပစ္စည်းကို လက်ခံနိုင်ကြောင်း ပါရှိပါတယ်။

ဒါပေမဲ့ တရားဝင်အလုပ်ကိစ္စအတွက်ဆိုရင် ခရီးစားရိတ် ပညာသင်ဆု ဆေးဝါးကုသစရိတ်တွေကို လက်ခံနိုင်ပါ တယ်။ အဲ့ဒီလိုမျိုးကိစ္စတွေထက် ကျော်လွန်ပြီး ပေးအပ်လာရင် တနည်းအားဖြင့် ငြင်းပယ်လိုက်လို့ မျက်နှာပျက်ရမယ့် ကိစ္စမျိုးဆိုရင် လက်ခံပြီးတော့ ဝန်ကြီးဌာနကို အပ်နှံရမယ်လို့လည်း ခြွင်းချက်အဖြစ် ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ရှိနေတဲ့အတွက် အချိန်တိုအတွင်း လုံးဝ ပပျောက်ရေး ဆောင်ရွက်နိုင်ဖို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်းနဲ့ လာဘ်စားမှု၊ အကျင့်စာရိတ္တပျက်ပြားမှုဟာ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်တာကြောင့် ထိရောက်စွာကိုင်တွယ်ဖို့ လိုအပ်ကြောင်း လည်း လမ်းညွှန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးထံ တင်ပြရမယ်လို့လည်း ဖော်ပြထားပါတယ်။