ဝန်ထမ်းစည်းမျဉ်းစည်းကမ်း မလိုက်နာဘဲ သတင်းပေးတာတွေမလုပ်ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သတိပေးလိုက်ပါတယ်။
နေပြည်တော်ကောင်စီရုံးမှာ သမ္မတနဲ့ ဌာနဆိုင်ရာအရာထမ်းတွေ တွေ့ဆုံပွဲမှာ သမ္မတ ဦးဝင်းမြင့်က အစိုးရဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ မလိုက်နာဘဲ သတင်းပေးတာတွေ မလုပ်ဖို့ သတိပေးလိုက်တာပါ။
ဒါ့အပြင် ဝန်ထမ်းတွေဟာ တက်လာတဲ့ အစိုးရတိုင်းကို သစ္စာခံရမယ့်အပြင် ဝန်ထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့လိုတယ်လို့လည်း သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးကို မစိုးရိမ်ကြဖို့၊ နိုင်ငံတကာနဲ့ အညီပြုပြင်ပြောင်းလဲနိုင်မှ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသားအကျိုးစီးပွား ရှင်သန်နိုင်မယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံသားအားလုံး ဥပဒေအောက်မှာ ညီမျှမှုရှိရမယ်လို့လည်း သမ္မတ ဦးဝင်းမြင့် က ပြောပါတယ်။
ဒီကနေ့ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံပွဲကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ နေပြည်တော်က ဌာနဆိုင်ရာအရာရှိ ၂၀၀ နီးပါး တက်ရောက်ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် တို့ ပေးပို့တာပါ။
