သမ္မတနဲ့ အစိုးရတာဝန် လွှဲပြောင်းရေး ၄ ကြိမ်မြောက် ဆွေးနွေး

နိုင်ငံတော် သမ္မတနဲ့ အစိုးရတာဝန် လွှဲပြောင်းရေးကိစ္စတွေအတွက် လက်ရှိ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော်မှာ ၄ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ သမ္မတအိမ်တော်မှာကျင်းပမယ့် နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းရေး အခမ်းအနား၊ အမျိုးသားအဆင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်ဖြစ်ပေါ်ရေးနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးတွေ ပေါ်ပေါက်လာချိန်မှာ သက်ဆိုင်ရာဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန်တွေ က ရှင်းလင်းတင်ပြမယ့် လုပ်ငန်းတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်တစ်ကြိမ် ဆွေးနွေးပွဲကို လာမယ့် မတ်လအလယ်လောက်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ NLD ဘက်က ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ပါတယ်။