အိုးဘိုထောင်က ထောင်ဝန်ထမ်းတွေကို အရေးယူပေးဖို့ ကျောင်းသားတွေ တောင်းဆို


2019-03-29
Share
mdy-students-press-622.JPG မန္တလေးအိုးဘိုထောင်မှာ ကျောင်းသားတွေ အကျဉ်းကျနေစဉ် ထောင်အတွင်းမှာ ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်လို့ မန္တလေးမြို့၊ မီဒီယာစင်တာမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့က ရှင်းလင်းစဉ်
Photo: Khaymani Win/RFA

မန္တလေးအိုးဘိုထောင်မှာ ကျောင်းသားတွေ အကျဉ်းကျနေစဉ် အချိန်အတွင်း ထောင်အတွင်းမှာ သီချင်းဆိုလို့ဆိုကာ ထောင်ဝန်ထမ်းတွေက အုပ်စုလိုက် ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်လို့ ရိုက်နှက်ခဲ့သူတွေကို အရေးယူပေးဖို့ အကျဉ်းထောင်ကနေ ဒီနေ့ လွတ်မြောက်လာတဲ့ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။

မန္တလေးမြို့၊ မီဒီယာစင်တာမှာ ရိုက်နှက်ခံခဲ့ရတဲ့ ကျောင်းသား ၄ ယောက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အဲဒီလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ ကျောင်းသားတွေထဲက ကျောင်းသား ၇ ဦးဟာ ပုဒ်မအသီးသီးနဲ့ တရားစွဲဆိုခံခဲ့ရပြီး အလုပ်နဲ့ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရတာပါ။

အဲဒီလို ချမှတ်ခံခဲ့ရာမှာ ကျောင်းသား ၃ ဦးဟာ ဒီလ ၂၁ ရက်နေ့က ပြန်လွတ်လာခဲ့ပြီး ကျောင်းသား ၄ ဦးကတော့  ဒီနေ့ ပြန်လွတ်လာတာဖြစ်ပါတယ်။

အကျဉ်းထောင် ဥပဒေမှာ အကျဉ်းသားကို ရိုက်နှက်ခွင့်မရှိကြောင်းနဲ့ အဲဒီလို ညှဉ်းပန်းရိုက်နှက်တာတွေကို အရေးယူပေးဖို့ တောင်းဆိုကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုဘုန်းမြင့်ကျော်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အိုးဘိုအကျဉ်းထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း ကို RFA က မတ် ၂၆ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာ ည ၁၀ နာရီအထိ မအိပ်လို့ ခေါ်ပြီးဆုံးမတာဖြစ်ကြောင်း၊ ရိုက်နှက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။

အခုလို ဒဏ်ရာရတွေ ရခဲ့တဲ့အပေါ် အထွေထွေအုပ်ချုပ်ရေး၊ တရားရေးနဲ့  ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက အကျဉ်းထောင်အတွင်းမှာ လာရောက်မေးမြန်းသွားတယ်လို့လည်း သိရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး လူအခွင့်ရေးကော်မရှင်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့