ပဲခူးတိုင်းအနောက်ပိုင်း ပြည်နဲ့ ပေါင်းတည်ထောင်က အကျဉ်းသား ၁၅၀ ကျော် ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ဆယ်ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်အကျဉ်းထောင်က အကျဉ်သား ၁၀၁ ဦး ပြန်လွတ်ခဲ့ပြီး အဲဒီအထဲက နိုင်ငံရေး အကျဉ်းသား ကိုမျိုးညိန်းဇော်၊ ကိုကျော်စွာမိုး၊ ကိုမင်းမင်းဦး၊ ကိုဖြိုးသူအောင်နဲ့ ဒေါ်စန္ဒာမိုးတို့ ပြန်လည်လွတ်မြောက်ခဲ့တာပါ။
ပေါင်းတည်အကျဉ်းထောင်ကတော့ အကျဉ်းသား ၅၄ ဦး ပြန်လွတ်ခဲ့ပြီး အဲဒီအထဲက နိုင်ငံရေးအကျဉ်းသား ကိုသက်ဇော်ဦး၊ ကိုချစ်ဦးမောင်၊ ကိုရန်နောင်စိုး၊ ကိုဝေယံဦးနဲ့ ကိုချစ်မွှေးတို့ဖြစ်ကြပါတယ်။
အခုလွတ်မြောက်လာသူတွေထဲ မကြာခင်မှာ လွတ်ရက်စေ့မယ့်သူတွေ အများစုပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လွှတ်ပေးတာတော့ ခြောက်လအောက်တွေ လွှတ်ပေးတယ်လို့ပြောတယ်။ လွတ်နီးတွေပေါ့။ အထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ကျန်နေသေးတာပေါ့”
ပေါင်းတည်အကျဉ်းထောင်တွင်းမှာ တရားရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ပြည်အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေရဆဲနဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော် ကျန်ရှိနေသေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ သူ ၇၇၄၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ကြေညာခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိရသေးပါဘူး။