ရခိုင်ပါတီမှ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက တရားစွဲ

ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆို လိုက်တယ်လို့ သိရပါတယ်။

2011.01.03
rakhine_RNDP_election_305_z.jpg ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)
(Photo Courtesy of RNDP)
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ရသေ့တောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းကို အရေးနိမ့်သွားခဲ့တဲ့ ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း ဦးသိန်းမောင်က တရားစွဲလိုက်တာ ဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“စက်မှု (၁) ဝန်ကြီးဌာနရဲ့ ချည်မျှင်၊ အထည်က အငြိမ်းစား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသိန်းမောင်က တိုင်တာပါ။ တိုင်တဲ့ အချက်အလက်တွေကလည်း ၄ နာရီအတိမှာ မဲရုံကို ပိတ်တယ်။ အဲဒါကြောင့် သူတို့ကို ထောက်ခံမဲ ပေးနိုင်တယ်ဟူ၍ ယူဆရတဲ့ မဲပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ မပေးလိုက်ရဘူးပေါ့။ အဲဒါမျိုးလေးတွေပါ။ မဲရုံကိုလည်း တနာရီ စောပြီးတော့ ဖွင့်တယ်၊ ဘာညာ သူကိုယ်တိုင်လည်း အဲဒီကာလမှာ ရသေ့တောင်မြို့မှာ မရှိပါဘူး။ ဦးလှမောင်သိန်းလည်း ကိုယ်တိုင် မရှိပါဘူး။ ဦးသိန်းမောင်လည်း ကိုယ်တိုင် မရှိပါဘူး။”

အမှုရင်ဆိုင်ဖို့အတွက် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ နေပြည်တော်မှာ တရားရုံးချိန်း ဆင့်ခေါ်ထားပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီကလည်း ပြန်လည်ထုချေနိုင်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ကျွန်တော်တို့ ရှေ့နေရှေ့ရပ်နဲ့ တိုင်ပင်နေပါတယ်။ လိုအပ်ရင် သူတို့ ကန့်သတ်တဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့ဖက်က ထုချေ ရှင်းလင်းတဲ့ အချက်ကို တင်ပါ့မယ်။ ၁၇ ရက်နေ့ကို ချိန်းထားတယ်ခင်ဗျ။ ၁၇ ရက်နေ့ မတိုင်ခင်လေးမှာကိုလေ ကျွန်တော်တို့ဖက်က ထုချေလွှာကို ပို့ဖို့ ရှိပါတယ်။ ၁၇ ရက်နေ့မတိုင်ခင် ၄ ရက် ကြိုပို့ရမှာပေါ့။ အဲဒါလေးကို ကျွန်တော်တို့ ညှိနှိုင်း တိုင်ပင်နေပါတယ်။ ဦးလှမောင်သိန်း ကိုယ်တိုင်ကလည်းပဲ အဲဒီကို သွားပါမယ်။ အချိန်မီ သွားမှာပါ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ၃၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ပြိုင်ဖက် ဒီမိုကရက်တစ်စ်ပါတီ (မြန်မာ) က ကိုယ်စားလှယ်တဦးနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တဦးတို့ကိုလည်း ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။