MOU ခုတုံးလုပ်တဲ့ အေဂျင်စီတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူစာချုပ် MOU နဲ့ အလုပ်သမားတွေ ပို့ဆောင်ရာမှာ အလုပ်သမားတွေကို လိမ်ညာပို့ဆောင်နေတဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ဆိုပြီး ဒီနေ့ ကရင်ပြည်နယ် မြဝတီမြို့မှာ အလုပ်သမားတွေ၊ ပရဟိတအဖွဲ့တွေ အပါအဝင် လူ ၈၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲမှာ အလုပ်သမားတွေက MOU ကို ခုတုံးလုပ်တဲ့ အေဂျင်စီတွေ အရေးယူပေးဖို့၊ အဂတိလိုက်စားနေတဲ့ ကရင်ပြည်နယ်က အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းတွေကို အရေးယူပေးဖို့၊ အလုပ်ခေါ်စာတွေကို စစ်ဆေးမှုမရှိဘဲ စေလွှတ်နေတဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆိုပြီး မြဝတီမြို့ မြစန္ဒီပန်းခြံကနေ မြဝတီမြို့ကို တစ်ပတ် ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို MOU နဲ့ ပို့ဆောင်ပေးနေတဲ့ ကုမ္ပဏီတချို့က အလုပ်သမားတွေဆီကနေ ငွေကြေးယူပြီး ပို့ဆောင်နေပေမယ့် စာချုပ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီဘဲ အလုပ်အကိုင် မရရှိဘဲ ပြန်လာရတာ၊ အလုပ်ခေါ်စာ အတုတွေနဲ့ ခေါ်ယူတာတွေကြောင့် မြဝတီမြို့ကို နေ့စဉ်ဆိုသလို ပြန်လာနေရတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရောင်ဝါဦး အလုပ်သမားပို့ဆောင်တဲ့ ကုမ္ပဏီကနေ ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ရမယ်ဆိုပြီး အလုပ်သမား၂၇ ဦးကို ပို့ဆောင်ခဲ့ပေမယ့် ၃လကြာတဲ့အထိ အလုပ်မလုပ်ရဘဲ မြဝတီကို ပြန်လာကြရတယ်လို့ သိရပါတယ်။

စာချုပ်ပါ အချက်အလက်တွေ ချိုးဖောက်တာကြောင့် အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ကုမ္ပဏီက တာဝန်ရှိသူတွေ၊ အလုပ်သမားတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ အလုပ်သမားဦးစီးဌာနက လူတွေ ညှိနှိုင်းပေမယ့် အဆင်မပြေတာကြောင့် အဲဒီအလုပ်သမားတွေက ဦးဆောင်ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရောင်ဝါဦး ကုမ္ပဏီ တာဝန်ရှိသူကို RFA က ဆက်သွယ်ပေမယ့် ဖြေကြားခွင့်ရှိသူ မအားတာကြောင့် ဖြေကြားနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မြဝတီမြို့နယ်က ပြည်ထောင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီအင်အားစု၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။