စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှု ရန်ကုန်မြို့မှာ ပြုလုပ်
2024.09.20

စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကို အလိုမရှိကြောင်းနဲ့ ကုန်ဈေးနှုန်းကျဆင်းဖို့ လှုပ်ရှားမှုတစ်ခုကို စက်တင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်သပိတ်အင်အားစုတွေက RFA ကို ပြောပါတယ်။
ဒီ့အပြင် ရေဘေးမကူတဲ့ စစ်ကောင်စီကို ပြည်သူ့အားနဲ့ ဆန့်ကျင်ဖို့လည်း ဆန္ဒပြလှုပ်ရှားသူတွေက ကြွေးကြော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) ရဲ့ တာဝန်ရှိသူ ကိုဗျတ္တကတော့ အာဏာရှင် မကျဆုံးမချင်း တောင်းဆိုမှုတွေ ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။
"လှုပ်ရှားမှုကတော့ ကျွန်တော်တို့ ရန်ကုန်မြို့ပေါ်က လမ်းမကြီးပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်တဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းဖို့၊ စစ်မှုထမ်းဥပဒေကို အလိုမရှိဘူး။ ရေဘေးမကူတဲ့ စစ်ကောင်စီကို ပြည်သူ့အားနဲ့ တိုက်ဖျက်ဖို့ ရန်ကုန်မြို့က လမ်းမပေါ်မှာ ဆန္ဒပြတာဖြစ်ပါတယ်"
အာဏာသိမ်းပြီးနောက် အရပ်သားတွေကို ဖမ်းဆီးထောင်ချခံရတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်တာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ် နိုင်ငံတစ်ဝန်းက သပိတ်အင်အားစုတွေက စစ်ကောင်စီကို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။