ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၂ ဦးကို ဆန္ဒပြ
2016.11.04

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦး ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ဒေသခံ ၆၀ လောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းဝန်ကြီးတွေ ဆောင်ရွက်ပေးရမယ့် တာဝန်တွေ ပျက်ကွက်တဲ့အတွက် နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးထွန်းဝင်းက ပြောပါတယ်။
"နံပါတ် တစ်အချက် အဓိက နစ်နာမှုရှိတာကတော့ အလုပ်မလုပ်တဲ့အတွက် မြို့ရွာစည်ပင် မသာယာဘူး။ ရေနစ်တယ်။ နံပါတ် နှစ်အချက် ဈေးသည်လေးတွေ ဒုက္ခရောက်တယ်။ နံပါတ်သုံး အချက်ကတော့ ပဲခူးရိုးမကတော့ တောတွေက ပြုန်းတီးနေပြီ။ ဆင်တွေလည်း အသတ်ခံရတယ်။ အဲတော့ ဒီဝန်ကြီးမျိုးကတော့ မရှိတာပဲ ကောင်းတဲ့သဘောရှိတယ်။" လို့ ပြောပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ဆန္ဒပြသူတွေ စွပ်စွဲသလို ဝန်ကြီးတွေအနေနဲ့ တာဝန်ပျက်ကွက်တာတွေမရှိဘဲ ကြိုးစားလုပ်ဆောင်နေတဲ့အကြောင်း အခုလို ပြောပါတယ်။
"အလုပ်မလုပ်ဘူးဆိုတာကတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က နေ့တိုင်းကို လုပ်နေတာ။ ပြောရ ရင်တော့ ပိတ်ရက်တွေပါ အများသောအားဖြင့် ကျွန်တော်တို့က သွားပြီးလုပ်နေတာပါ။ ဆိုလိုတာက သစ်တောတွေ ပြုန်းတီးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဆိုရင် ကျွန်တော်တို့မှာ တိကျခိုင်မာတဲ့ အချက် အလက်တွေရှိတယ်နော်။ အလုပ်မလုပ်ဘူးဆိုတာတော့ လုံးဝမဟုတ်ဘူးဗျ။ ကျွန်တော်တို့က နေ့တိုင်းကို အလုပ်လုပ်နေတာ။ အစိုးရအဖွဲ့လည်း ဒီအတိုင်းပဲ။ ဝန်ကြီးချုပ်ဆိုလည်း နားတောင်မနားဘူး။ သူတောက်လျှောက်သွားပြီးလုပ်နေတာ" လို့ ပြောပါတယ်။
ဒါ့အပြင် ဆန္ဒပြတာဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဆန္ဒထုတ်ဖော်ပြီးထောက်ပြသလို အစိုးရအဖွဲ့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့လိုတယ်လို့လည်း ဝန်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်၊ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံတို့ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
ဆန္ဒပြသူတွေအနေနဲ့ ဒီတစ်ကြိမ် ဆန္ဒပြတောင်းဆိုမှု မအောင်မြင်ရင် ပဲခူးမြို့ပေါ်နဲ့ နေပြည်တော်တို့အထိ ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေထဲမှာ သာယာဝတီမြို့ခံ လယ်သမားတွေနဲ့ ဈေးသည်တွေ အများစု ပါဝင်ကြပါတယ်။