ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ

ဘင်္ဂလားဒေရှ့်နိုင်ငံ ရာမူး ခေါ် ပန်းဝါ အပါအဝင် နေရာတစ်ချို့မှာ ဗုဒ္ဓဘာသာဝင်တွေ နဲ့ သာသနိက အဆောက်အအုံတွေ ဖျက်ဆီး ခံရတာကို ကန့်ကွက်တဲ့ အနေနဲ့ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘင်္ဂလားဒေရှ့်ကောင်စစ် ဝန်ရုံးရှေ့မှာ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

2012.10.12
ဘင်္ဂလားဒေရှ့်နိုင်ငံ ရာမူး ခေါ် ပန်းဝါ အပါအဝင် နေရာတစ်ချို့တွင် ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများ ဖျက်ဆီးမှုအပေါ် ကန့်ကွက်သည့်အနေနှင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေရှ့်ကောင်စစ် ဝန်ရုံးရှေ့တွင် ဒေသခံများ ဆန္ဒပြနေစဉ်။
RFA

ဆန္ဒပြလှုပ်ရှားမှုကို ရခိုင်တိုင်းရင်းသားတွေအပြင်၊ ဟိန္ဒူ၊ မရမာကြီး၊ သက်၊ မြို၊ ခမီ လူမျိုးတွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး၊ ဘင်္ဂလားဒေရှ့် အစိုးရက တာဝန်မယူတဲ့ အတွက် ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက် ခံရတာ ဖြစ်တယ်လို့  စစ်တွေမြို့ အခြေစိုက် မရမာကြီး မဟာဗောဓိ လူမှုရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဆန္ဒပြတာဟာ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ စေတီ၊ ပုထိုး၊ ကျောင်းကန် ဘုရား၊ သာသနိက အဆောက်အအုံများကို အကြမ်းဖက်သမား မွတ်စလင် ဖျက်ဆီးနေတယ်။ ဒါတွေက နိုင်ငံတကာမှာ တော်တော် အရုပ်ဆိုးတယ်။ ဘင်္ဂလားဒေရှ့် အစိုးရက တာဝန်မယူခဲ့လို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ တော်တော် ဒုက္ခရောက်တာ။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မရမာကြီးလူမျိုးနဲ့ ဂျုးမားခေါ် သက်၊ မြို၊ ခမီ၊ ဒိုင်းနက် တောင်ပေါ်တိုင်းရင်းသားတွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မကျေနပ်လို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။"

ဆန္ဒပြသူတွေ ဒီကနေ့ တောင်းဆိုကြတာက ဘင်္ဂလားဒေ့ရ်ှ နိုင်ငံမှာ လူနည်းစု အခွင့်အရေးကို လေးစားပါ။ စစ်တကောင်း၊ ကောဇ့်ဘဇားမှာ တိုက်ခိုက်သူတွေကို အရေးယူပေးပါ၊  စတဲ့အချက်တွေ အပါအဝင် အချက် (၆) ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ  ဒေသခံ (၁၀၀၀) ကျော် ပါဝင်ခဲ့ပြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့က ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက ဆက်လက် တင်ပြမှာပါ။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။