ရွှေ့ပြောင်းပေးရလို့ နစ်နာကြေးရရှိဖို့ ဆန္ဒပြတောင်းဆို


2019.05.22
hpakant-protest-622.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅) အောက်ချိုင့်ရပ်ကွက်မှ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နစ်နာကြေးရရှိဖို့ ဖားကန့်မြို့မှာ ၂၀၁၉၊ မေ ၂၂ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်
Photo: Zaw Win MG

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅)အောက်ချိုင့်ရပ်ကွက်ကနေ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နစ်နာကြေးရရှိဖို့ ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅)အောက်ချိုင့်ရပ်ကွက်က အိမ်ခြေ ၃၃ လုံးက လူဦးရေ ၁၀၀ကျော်ဟာ ၂၀၁၀ ခုနှစ်က ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်က နစ်နာကြေးမရခဲ့တဲ့အတွက် နစ်နာကြေး ရလိုတယ်လို့ ဒီနေ့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ရတနာကြာဖြူကုမ္ပဏီက လူနေရပ်ကွက်ကို တာဘောင်ရိုး ကာရံလိုက်တဲ့အတွက် လူနေရပ်ကွက်တစ်ခုလုံး ရေနှစ်မြုပ်သွားတာကြောင့် ရပ်ကွက်အနီးက နေရာတစ်ခုကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နစ်နာကြေးရရှိဖို့အတွက် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သိရှိအောင် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးထွန်းထွန်း က ပြောပါတယ်။

ဆန္ဒပြတောင်းဆိုမှုကို အစိုးရက ဖြေရှင်းပေးတဲ့အထိ ရက်အကန့်သတ်မရှိ တောင်းဆိုသွားမယ်လို့ ပြောကြပါတယ်။

အခုလိုဆန္ဒပြတောင်းဆိုမှုကို ၂၀၁၇ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ နှစ်ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ပေမယ့် သက်ဆိုင်ရာကုမ္ပဏီ၊ ဌာနဆိုင်ရာတွေက ညှိနှိုင်းဖြေရှင်းပေးတာတွေ မရှိခဲ့ဘူးလို့ ဆန္ဒပြသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရပ်ကွက်(၅)အောက်ချိုင့်ရပ်ကွက်ဟာ ရတနာကြာဖြူကုမ္ပဏီရဲ့ မြေစာအနီးတည်ရှိတဲ့အတွက် မိုးရာသီမှာ ရေနစ်မြုပ်တဲ့အန္တရာယ်နဲ့ မြေပြိုအန္တရာယ်မရှိစေဖို့ဆိုပြီး ကုမ္ပဏီက ပေ၂၅၊ ၃၀ ရှိတဲ့မြေကွက်နဲ့ မူလအိမ်တန်ဖိုးအလိုက် ငွေကျပ် ငါးသိန်း၊ ခုနှစ်သိန်း စသဖြင့် ပေးခဲ့ပြီး မြေကွက်မယူသူတွေကို ငွေကျပ် ခုနှစ်သိန်း၊ ရှစ်သိန်းစီ ထပ်ဆောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

ဒါ့အပြင် ဆန္ဒပြတောင်းဆိုသူတွေဟာ ရွှေ့ပြောင်းလာသူတွေသာဖြစ်တယ်လို့ မြို့နယ် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရတနာကြာဖြူကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးသွားတဲ့အတွက် နိုင်ငံတော်က လစ်လပ်အကျိုးတူလုပ်ကွက်အနေနဲ့ ထိန်းသိမ်းထားတဲ့နေရာဖြစ်တယ်လို့ အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

လက်ရှိမှာ အဲဒီနေရာမှာ ရတနာကြာဖြူကုမ္ပဏီက လုပ်ငန်းမလုပ်တော့ဘဲ တခြားကုမ္ပဏီတစ်ခုက ဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။