ပြည်က ယာဉ်ထိန်းရဲကင်း ဗုံးပေါက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်မြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံရှေ့ ယာဉ်ထိန်းရဲကင်းစခန်းမှာ ဒီနေ့ည ၇ နာရီကျော်က ဗုံးပေါက်ကွဲဖြစ်ခဲ့ပြီး ကင်းစောင့်နေတဲ့ တပ်သား အနည်းဆုံး ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လူကြီးလမ်းကြောင်း ရှိတာကြောင့် ကင်းစောင့်ပေးနေတုန်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေထဲက တချို့ဟာ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။ သူတို့ကို ဆေးကုသပေးဖို့ ခုတင် ၁၀၀ စစ်ဆေးရုံကို ခေါ်သွားတယ်လို့လည်း ဆိုပါတယ်။

ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သား ၇ ယောက်ဟာ ယာဉ်ထိန်းရဲ ၃ ယောက်၊ စစ်သား ၂ ယောက်နဲ့ မီးသတ် ၂ယောက်ဖြစ်တယ်လို့ ဒေသအခြေစိုက် Pyu Regional News သတင်းက ဖော်ပြပါတယ်။

ပေါက်ကွဲအား ပြင်းတာကြောင့် ရဲကင်းစခန်းပါ မီးလောင် ပြိုပျက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်အပြီး အဲ့ဒီနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။