ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌနဲ့ မြို့နယ်ပါတီခေါင်းဆောင်တချို့ကို ပါတီကနေ ရာသက်ပန်ထုတ်ပယ်ပေးဖို့ ဒေသခံနဲ့ အရပ်ဘက်အဖွဲ့တွေပါတဲ့ လူအင်အား ၂ဝဝ ကျော်က ဒီကနေ့ ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
လူမှုရေးအဖွဲ့တွေက ရေဘေးတုန်းက ကယ်ဆယ်ရေးလုပ်ရာမှာ ရရှိခဲ့တဲ့ အလှူငွေတချို့ကို အလွဲသုံးစားလုပ်တယ် ဆိုတာကနေ အခုလိုဆန္ဒပြပွဲဖြစ်လာတာလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကိုနေဇာ က ပြောပါတယ်။
"ပြီးခဲ့တဲ့ရေဘေးတုန်းက ပရဟိတအသင်းတွေက သွားတာဝန်ယူတယ်၊ ဝမ်းလျှောဝမ်းပျက်က အဲ့ဒီရက် က ပြည်မှာ ဖြစ်နေတော့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ကယ်ဆယ်ရေးစခန်းထဲမှာရှိတဲ့ ဒေသခံတွေ ဆုံးဖြတ်ချက်နဲ့ တစ်သိန်းကို ကျောင်းမှာ အိမ်သာတွေပြုပြင်ဖို့အတွက် လှူခဲ့တယ်၊ မြို့နယ်ပါတီဥက္ကဌနဲ့ ပါတီဝင်တွေက အဲ့ဒီတစ်သိန်းက ရေဘေးကလူတွေကို ဝေမပေးဘဲနဲ့ ဘယ်တွေကိုသုံးတာလဲပေါ့နော်၊ ထမင်းတစ်ထုပ်တောင် လာမပို့တဲ့သူတွေက ကျွန်တော်တို့ကို အဲ့ဒီပိုက်ဆံတွေကို အလွဲသုံးစား လုပ်တယ်ဆိုပြီးတော့ သတင်းအတိအကျမခိုင်လုံပဲ လိုင်းပေါ်ပိတ်တင်လိုက်တယ်" လို့ ကိုနေဇာ က ပြောတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ပြည်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ရာ နဝင်းဝါရုံ အပိုင်း ၃ တာရိုးရပ်ကွက် က မူလတန်းလွန်ကျောင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ပြီး ပရဟိတအသင်းတွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပြည်မြို့နယ် NLD ပါတီ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆိုသူက ရေဘေးကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူ တချို့ဟာ ငွေအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲပြီး သြဂုတ် ၂၇ ရက်နေ့ညက ဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ခဲ့တာလို့ ပြောပါတယ်။
စွပ်စွဲခံရသူတစ်ဦးဖြစ်သူက ဖေ့စ်ဘွတ်မှာတင်ခဲ့သူ NLD ပြည်မြို့က လူပုဂ္ဂိုလ်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ပြည်မြို့ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ပြည်မြို့ ရဲစခန်းကလည်း အမှုဖွင့်တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။
မြို့နယ် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကို NLD ပါတီဗဟို စည်းကမ်းထိန်းသိမ်းရေးထံ တင်ပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
