စိုက်ပျိုးမြေ အကွက်ရိုက်ရောင်းချမှု သက်ဆိုင်ရာက လိုက်လံဟန့်တား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးမြေအဖြစ် လုပ်ပိုင်ခွင့်ချထားပေးတဲ့ မြေနေရာတွေမှာ ခြံစည်းရိုးခတ်ပြီး အကွက်ရိုက်ရောင်းချနေတာတွေကို တိုင်းဒေသကြီးအစိုးရက မနေ့ကစပြီး လိုက်လံ ဖယ်ရှားနေပါတယ်။

စိုက်ပျိုးမြေအဖြစ် လျှောက်ထားပြီး အကွက်ချရောင်းချတာဟာ မြေယာဥပဒေနဲ့မညီညွတ်တဲ့အတွက် ကွန်ကရစ်တိုင်တွေနဲ့ ခြံစည်းရိုးတွေကို ဖယ်ရှားတာဖြစ်တယ်လို့ "မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ" နာယကဖြစ်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က ပြောပါတယ်။

"လယ်ယာမြေဥပဒေအတိုင်းပေါ့ ဥပဒေနဲ့မညီတဲ့ဟာတွေပေါ့၊ ဥပဒေနဲ့မညီဘဲနဲ့ ဥပမာအားဖြင့် လယ်ယာမြေအဖြစ်၊ မြေလွတ်မြေရိုင်းအဖြစ်ချထားပေးတယ်၊ ဥပမာအားဖြင့် ပုံစံ ၇ အဖြစ်ချပေးထား တာတွေအားလုံးက စိုက်ပျိုးလုပ်ကိုင်ဖို့ပဲ ချထားပေးတာလေ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ချထားပေးတာကို စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲနဲ့ အကွက်ရိုက် ရောင်းချထားတာတွေကို ဖယ်ရှားတာပါ၊ မြေသိမ်းဆည်းတာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ အစိုးရခေတ်မှာတော့ တစ်ချိန်လုံးပေါ့ဗျာ၊ ဥပဒေနဲ့မညီတာတွေလုပ်ခဲ့တာပေါ့၊ ဒါတွေပြန်ပြောနေလို့တော့ သိပ်တော့မလွယ်လှဘူး"

ပြင်ဦးလွင်- မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ မိုးကြိုးကချင်စုရပ်ကွက်နဲ့ သက်ကိုင်ကျေးရွာအုပ်စုထဲမှာ အကွက်ရိုက်ရောင်းချ ထားတဲ့ မြေကွက် ၅၇ ကွက်ကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့နယ် တစ်ခုလုံးမှာ စိုက်ပျိုးမြေအဖြစ် လျှောက်ထားတဲ့ မြေဧက ၅ သောင်းကနေ ၇ သောင်းအထိ ရှိပါတယ်။

အဲ့ဒီမြေနေရာတွေမှာ စိုက်ပျိုးရေးမလုပ်ဘဲ အကွက်ပေါင်း သိန်းနဲ့ချီရိုက်ထားတာဖြစ်ပြီး အဲ့ဒီမြေကွက်တွေကို သုံးလအတွင်း အပြီးဖယ်ရှားသွားမှာဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။

အဲ့ဒီမြေနေရာတွေကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သတ်မှတ်မှာဖြစ်ပြီး မြေကွက်ဝယ်ယူထားသူတွေအနေနဲ့ သူတို့နစ်နာမှုတွေ ကို ရောင်းချသူတွေနဲ့သာ ညှိနှိုင်းရမှာဖြစ်တယ်လို့လည်း ဦးအောင်မင်းက ပြောပါတယ်။

"မြေယာဥပဒေနဲ့ မညီညွတ်သောမြေယာများ အရေးယူရှင်းလင်းရေးကော်မတီ"မှာ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက နာယကအဖြစ်ပါဝင်ပြီး မြေစာရင်း၊ စည်ပင်၊ စိုက်ပျိုးမွေးမြူရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သစ်တော စတဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။