လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်တဲ့ အဆောင်တွေ ဆောက်ပေးဖို့ တင်ပြ

လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်တည်းခိုဆောင်မှာ မထားဘဲ လွှတ်တော်ကိုယ်စားလှယ် အဆောင်တွေ ဆောက်လုပ်ပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ မကျစေဖို့အတွက် သီးသန့်ဆောင်တွေ ဆောက်လုပ်ထားသင့်ကြောင်း ရခိုင်အမျိုးသားပါတီ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒီနေ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စည်ပင်တည်းခိုဆောင်မှာ နေထိုင်ချိန်အတွင်း လွှတ်တော် အစည်းအဝေး မဟုတ်တဲ့ရက်တွေမှာ တစ်ရက်ကြေးပေးရမယ်ဆိုတဲ့ သတိပေးစာ ထုတ်ထားပါတယ်။

အဲဒါကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေး ကျင်းပမယ့်ရက်ထက် စောလာလို့မရသလို နောက်ကျပြန်လို့လည်း မရတဲ့ အခက်အခဲတွေလည်းရှိကြောင်း ဦးဖေသန်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ဦးဖေသန်းရဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ပေးမယ်လို့ ပြန်လည်ပြောပါတယ်။

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ တစ်လမှာ ကျပ် ၁၀ သိန်းလစာနဲ့ လွှတ်တော်တက်ရက်တစ်ရက်မှာ ခံစားခွင့် နှစ်သောင်းရှိပြီး စည်ပင်ရိပ်သာမှာ တရက် ၅၂၅၀ ပေးသွင်းနေထိုင်ရတာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေကတော့ သူတို့ရဲ့ ပါတီရုံးမှာ နေထိုင်ကြပြီး NLD ကိုယ်စားလှယ်တွေအပါအဝင် အခြားကိုယ်စားလှယ်တွေကတော့ စည်ပင်ရိပ်သာမှာ နေုထိုင်ကြတာပါ။