ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၆ ခုမှာ ဧပြီလ ၂ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၆၀၉၄ စုနဲ့ လူဦးရေ ၂၆၅၀၀ ခန့်ရှိနေပြီလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အိမ်ထောင်စု ၅၈၀၀ ကျော်သာရှိခဲ့ရာကနေ အိမ်ထောင်စု ၂၇၀ ခန့် ထပ်မံတိုးလာ တာဖြစ်တယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကပြောပါတယ်။
ဒီအရေအတွက်စာရင်းဟာ လက်ရှိဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသူတွေရဲ့စာရင်းဖြစ်ပြီး စခန်းပြင်ပမှာရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ လာရောက်စာရင်းပေးမယ်ဆိုရင် ထပ်မံဖြည့်သွင်း သွားမှာဖြစ်တယ်လို့ပြောပါတယ်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းတွေအရ ဧပြီလ ၂ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ဦးရေ ၂၈၇၀၀ နီးပါးရှိနေပါတယ်။
စစ်ဘေးသင့်ကျေးရွာတွေမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့အခက်အခဲဖြစ်နေတဲ့အတွက် ခုရက်ပိုင်းတွေ အတွင်းမှာ စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကပြောပါတယ်။
အစိုးရအနေနဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ဆန်နဲ့ အဝတ်အထည်တွေကို ကူညီပေးနေတယ်လို့လည်း ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
