ရခိုင်ဒုက္ခသည်တွေအတွက် သိန်း ၈ဝဝ သုံးမယ်


2016-05-27
Share
rakhine-refugees-620.jpg ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၄၀၀ နီးပါးအတွက် ရခိုင်ပြည်နယ်အစိုးရက ငွေကျပ်သိန်းပေါင်း ၈၀၀ အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒုက္ခသည်မိသားစုတစ်စုကို ယာယီတဲအိမ်တွေဆောက်လုပ်ဖို့ ငွေကျပ် ၂ သိန်းစီ ထုတ်ပေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီး ဌာန ပြည်နယ်ဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။

"၃၈၅ အိမ်ထောင်စု အနေအထားမှာ ၁ အိမ်ထောင်ကို ၂ သိန်းကြားနဲ့ အိမ်ဆောက်ဖို့အတွက် သိန်း ၇၇ဝ တွက်ထားတာပေါ့နော်၊ နောက်ယာယီကျောင်း ၁ ကျောင်း ဆောက်ဖို့အတွက် ပေ ၃ဝ၊ ပေ ၂ဝ ဆောက်ဖို့ အတွက်က သိန်း ၂ဝ စီ ခန့်မှန်းထားတဲ့ အနေအထားဟာဆိုလည်း ဒါ ၅ ကျောင်းဖြစ်နေတဲ့အတွက် ၁ဝဝ ဆိုတော့ အားလုံးပေါင်း သိန်း ၈၇ဝ ကျနော်တို့ ပြည်နယ်အစိုးရအနေနဲ့ ပေးသွားဖို့စီစဉ်ထားတယ်၊ ကျနော်တို့ လိုအပ်နေတဲ့အရာတွေ ရှိနေသေးတယ်ဆိုရင်လည်း ဒါထပ်ပြီးတော့ ကူညီပေးသွားဖို့ရှိပါတယ်"

စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးမယ့် အစီအစဉ်ကို မကြာခင် စတင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ အိမ်ထောင်စု ၄၀၀ နီးပါး လူဦးရေအားဖြင့် ၂၀၀၀ နီးပါးအတွက် ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်တာပါ။ ရသေ့တောင်မြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း ၃ ခုက ဒုက္ခသည်ဦးရေ ၃၀၀ ကျော်လောက်အတွက်လည်း ပြည်နယ်အစိုးရက အကူအညီတွေပေးဖို့ စီစဉ်နေပါတယ်။

ကျောင်းဖွင့်ရာသီ မတိုင်ခင်က ဒုက္ခသည်တွေကို နေရပ်ပြန်ချင်ရင် ပြန်နိုင်ကြောင်း ပြောခဲ့ပေမယ့် နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့အတွက် ပြည်နယ်အစိုးရက အခုလို အကူအညီတွေပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေရဲ့ နေရာလွတ်တွေမှာ နေထိုင်နေကြတာကြောင့် ကျောင်းတွေပြန်ဖွင့်တော့ မှာဖြစ်တဲ့အတွက် ကျောင်းမှာ ခိုလှုံနေသူတွေ နေရာဖယ်ပေးရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် စတဲ့မြို့နယ် ၄ ခုမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်လောက်ရှိနေ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့