မန္တလေး - မြစ်ကြီးနား ကုန်တင်ရထား မိုင်းဗုံးဒဏ်ကြောင့် တိမ်းမှောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ဦးတည်ခုတ်မောင်းလာတဲ့ မန္တလေး - မြစ်ကြီးနားသွား အမှတ် ၉၃၇ အဆန်ကုန်တင်ရထားဟာ မိုးညှင်းမြို့နယ်၊ နမ္မားဘူတာနဲ့ မြို့သစ်ကလေး ဘူတာအကြား မိုင်တိုင် အမှတ် ၆၄၃ အနီးမှာ ဒီကနေ့ မနက်အစောပိုင်း ၁နာရီ ကျော်လောက်က မီးရထားသံလမ်း မိုင်းပေါက်ကွဲမှုကြောင့် ကုန်တင်ရထားရဲ့ ကုန်တွဲ ၄ တွဲ လမ်းချော် တိမ်းမှောက်ပြီး ရထားစက်ခေါင်းမောင်းသူ အပါအဝင် မီးရထားဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့သယ်ယူပို့ဆောင်ရေးမှ မီးရထားတစ်စင်းကို တွေ့ရစဉ် Photo: RFA/Kyaw Min

ဒီလို မိုင်းခွဲခံရလို့ မီးရထားသံလမ်း ပျက်ဆီးသွားပေမယ့် မန္တလေး - မြစ်ကြီးနား မီးရထားခရီးစဉ်တွေကို ရပ်ဆိုင်းမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ခုတ်မောင်းသွားမှာ ဖြစ်ပြီး သံလမ်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ အနီးအနားကနေ ခရီးသည်တွေကို ရထားဟိုဘက်ဒီဘက် ကူးပြောင်းစီစဉ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဒဏ်ရာရမီးရထားဝန်ထမ်း ၃ ဦးကို အခုအခါ မြစ်ကြီးနားဆေးရုံမှာကုသဖို့ ပို့ဆောင်ထားတယ်လို့ မြစ်ကြီးနားဘူတာရုံပိုင်ကြီးက ဆိုပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ တစ်နှစ်ကျော်ကာလအတွင်း မီးရထားသံလမ်းမိုင်းကွဲမှုတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့နေရတယ်လို့ ဒေသခံပြည်သူတွေကဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org