အစိုးရရဲ့ အသုံးအနှုန်းကို ရခိုင် မြို့နယ် ၁၅ ခု ကန့်ကွက်
2016.07.03

အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဒေသ ခံတွေ ထောင်နဲ့ချီပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြကန့်ကွက်ကြပါတယ်။
စစ်တွေ၊ ဘူူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ မြို့တွေမှာ ဆန္ဒပြပွဲတွေလုပ်ကြတာဖြစ်ပြီး အစိုးရရဲ့ အသုံးအနှုန်းသစ်ကို လက်မခံကြောင်းနဲ့ ကန့်ကွက်မှုတွေ ဆက်လက်ပြု လုပ်သွားမှာဖြစ်ကြောင်း စစ်တွေမြို့က ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေးက ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ ဘင်္ဂလီက ဘင်္ဂလီ၊ ရခိုင်က ရခိုင်လို့ ရှိပါလျှက်ကယ်နဲ့ အဲ့လိုမျိုး ရခိုင်ပြည်မှ အစ္စလာမ် ဘာသာ ကိုးကွယ်သူများ၊ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာကိုးကွယ်သူများလို့သာ ဆက်လက်သုံးစွဲလာ ခဲ့မယ်ဆိုရင် ပြည်ထောင်စုအစိုးရဟာ ရခိုင်ပြည်သူပြည်သားတွေကို လုံးဝမလေးစားရာ ရောက်တဲ့ အတွက်ကြောင့် နောက်နောင်ဖြစ်လာမယ့် အခြေအနေတွေဟာ ပြည်သူတွေနဲ့မဆိုင်တော့ပဲ အစိုးရနဲ့ပဲ သက်ဆိုင်သွားမယ်၊ ဒီစကားကိုတော့ လုံးဝလက်မခံတော့နိုင်ဘူးဆိုပြီးတော့ ပြတ်ပြတ်သားသား ပြင်းပြင်း ထန်ထန် အခုလည်းကန့်ကွက်တယ်၊ နောက်နောင်လည်း ကန့်ကွက်သွားမယ့်အစီအစဉ်တွေ အများကြီး ရှိပါတယ်ခင်ဗျ"
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ ကိုယ်စားလှယ်က "ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း"လို့ သုံးနှုန်းဖို့ တင်ပြခဲ့တာအပြင် ပြန်ကြားရေး ဝန်ကြီးဌာနကလည်း " ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ" "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ"လို့ သုံးနှုန်းဖို့ အစိုးရပိုင်မီဒီယာတွေကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ရခိုင်လူမျိုးတွေရဲ့ အမည်ကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ရာရောက်သလို ဘင်္ဂါလီလူမျိုးတွေရဲ့ လာရာဇာတိကို ဖုံးကွယ်ပစ်ရာရောက်တယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူတွေကပြော ပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ မွတ်စလင်တွေကို ဘင်္ဂါလီလူမျိုးတွေလို့ ခေါ်ဝေါ်သုံးနှုန်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုထဲက ရသေ့တောင်မြို့နယ်နဲ့ ဂွမြို့နယ်တွေမှာ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။