ရခိုင်စစ်မက်ဇုန်နဲ့ ဆယ်တန်းစာမေးပွဲ

အောင်သိင်္ခ
2020-02-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ တစ်လတောင် မကျန်တော့တဲ့အချိန်မှာ ရခိုင်ပြည်နယ်အစိုးရက စာစစ်ဌာန ၂၀ ဝန်းကျင်ကို ပိတ်သိမ်းပြီး၊ မြို့ပေါ်စာစစ်ဌာနဲ့ လုံခြုံရာနေရာတွေမှာ ဖြေဆိုခိုင်းဖို့ စီစဉ်နေပါတယ်။ ဆယ်တန်းစာမေးပွဲဟာ ကျောင်းသားတွေရဲ့ ဘဝကို အလှည့်အပြောင်းဖြစ်စေနိုင်တာကြောင့် အခုလို ရုတ်တရက် အနီးကပ် စီစဉ်တာဟာ ကျောင်းသားတွေရော၊ မိဘတွေအတွက်ပါ စိုးရိမ်စရာ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ကိုးခုကကျောင်းသူ၊ ကျောင်းသား ‌ခြောက်ထောင်နီးပါးကို အစိုးရကစာစစ်ဌာနတွေ ပြောင်းရွှေ့ပြီး ဆယ်တန်းစာမေးပွဲဖြေခိုင်းဖို့ စီစဉ်နေပါတယ်။ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ကအချိန် တစ်လတောင် မကျန်တော့ပါဘူး။

စာစစ်ဌာန ၂၀ ဝန်းကျင်ကို ပိတ်သိမ်းပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ပြီးတော့စစ်ဆေးရမယ့် အခြေအနေကိုနားလည်ပေးဖို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

ပိတ်သိမ်းတဲ့ စာစစ်ဌာနများစုဟာ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့ဖြစ်ပြီး၊ အနာဂတ် ဆိပ်ကမ်းမြို့တော်အဖြစ် လူသိများတဲ့ ကျောက်ဖြူမြို့နယ်လည်းပါ ပါတယ်။

စာမေးပွဲနီးကပ်ချိန်မှာ ရုတ်တရက် စီစဉ်တာကြောင့် စာမေးပွဲဖြေဆိုရမယ့် ဆယ်တန်းကျောင်းသားနဲ့ မိဘတွေလည်းအခက် ကြုံနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း သူ့ရဲ့မဲဆန္ဒနယ်တစ်ခုတည်းမှာတင် ဆယ်တန်းကျောင်းသား သုံးထောင်ဝန်းကျင်ရှိတာမို့ အစိုးရက ဘယ်လိုစီစဉ်မလဲဆိုတာ အရေးကြီးတယ်လို့ ပြောပါတယ်။

ခက်ခဲတဲ့ အခြေအနေအောက်မှာ ကျောင်းသားတွေ ရုန်းကန်ရမှာမို့ ဆယ်တန်းဖြေမယ့်သူတွေအတွက် စိုးရိမ်တယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပါတယ်။

စာစစ်ဌာနပိတ်မယ့်အထဲမှာ မြောက်ဦးမြို့နယ်ထဲက တိန်ညိုကျေးရွာလည်း ပါနေပါတယ်။ တိန်ညိုဟာ စံပြရွာကြီးဖြစ်ပြီးတော့ စာစစ်ဌာနရှိတဲ့ရွာပါ။ ၂၀၁၉ ခုနှစ်တုန်းက တိုက်ပွဲဒဏ်ကိုလည်းခံထားရတဲ့ရွာဖြစ်ပါတယ်။ တိန်ညိုရွာက ကျောင်းသားမိဘဒေါ်လှမြင့်ကတော့ သွားလာရေးအခက်အခဲကြုံရမယ်လို့ ပြောပါတယ်။

အင်တာနက်ဖြတ်တောက်ထားလို့ တိန်ညိုကကျောင်းသားမိဘတွေကို RFA က ရုပ်သံခေါ်ဆိုလို့ မရခဲ့ပါဘူး။

လုံခြုံမှုအားနည်းတဲ့ ရခိုင်မြောက်ပိုင်းက စာစစ်ဌာနတွေကို ယာယီပိတ်သိမ်းပြီတော့ မြို့ပေါ်နဲ့ စိတ်ချရတဲ့နေရာတွေမှာ တပေါင်းတည်း ဆယ်တန်းစာမေးပွဲဖြေဆိုစေဖို့ ပြည်နယ်ပညာရေးမှူးရုံးက တင်ပြလာတာရှိပေမယ့်၊ အသေးစိတ်အစီအစဉ်ကိုတော့ မသိသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ကျောင်းသားတွေအတွက် အသေးစိတ် ဘယ်လိုစီစဉ်ထားရှိသလဲဆိုတာကိုတော့ ပြည်နယ်ပညာရေးမှူးရုံးကိုပဲ ဆက်သွယ်မေးမြန်းဖို့ စည်ပင်သာယာဝန်ကြီးက ပြောပါတယ်။

ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကတော့ မြန်မာပြည်စာစစ်ဌာနရဲ့ဆုံးဖြတ်ချက်ကိုခံယူမယ်လို့ပြောပါတယ်။ ရခိုင်တစ်ပြည်နယ်လုံး စာစစ်ဌာနစုစုပေါင်း ၁၂၇ ရှိပြီး ဖြေဆိုမယ့်ကျောင်းသားဦးရေ လေးသောင်းကိုးထောင်ကျော်ပါတယ်။

ပညာရေးရေးဆိုင်ရာတွေကို ကူညီပေးနေတဲ့ သံလွင် အင်စတီကျူအဖွဲ့က ဦးစောကပီးကတော့ စာမေးပွဲစစ်တဲ့အချိန်မှာ နှစ်ဖက်တပ်တွေ တိုက်ပွဲကိုခဏရပ်ဆိုင်းထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကလည်း စာမေးဖြေဆိုတဲ့အချိန်မှာ သူတို့အနေနဲ့ တိုက်ပွဲဖော်စရာလည်း မရှိဘူးလို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးစနစ်အရ ဆယ်တန်းစာမေးပွဲဟာ လူငယ်တွေရဲ့ ဘဝတက်လှမ်းရာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် စိုးရိမ်တယ်လို့ The Wings Institute အဖွဲ့က ဒေါ်ဖြိုးဖြိုးအောင်ကပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တချို့မှာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ မနေ့တုန်းက ဘူးသီးတောင်မြို့နယ်က ခမွီချောင်းရွာထဲကစာသင်ကျောင်းပေါ်ကို လက်နက်ကြီးကျလို့ ကလေးငယ် ၂၁ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

ရခိုင်မှာစစ်ဘေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော်ရှိလာပြီဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့