ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ရွာ မွတ်စလင်ကျေးရွာမှာ ဧပြီလ ၈ ရက် နေ့လယ်က မိုင်းတစ်လုံး ပေါက်ကွဲလို့ ကလေးခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ကြတဲ့ မဖေရိုဒုစ်၊ မအိမ်ပိယောစ်၊ မအာစ်မီဒါ၊ မဇော်နျောတာရာနဲ့ မောင်အေနာမ်၊ မောင်ရာနိုရ်တို့ ဒဏ်ရာရသွားတာဖြစ်ပါတယ်။
သရက်ခင်းထဲမှာဆော့ကစားနေစဉ် မိုင်းတစ်လုံးပေါက်ကွဲလို့ ခြေထောက်၊ ပေါင်၊ ဆီးခုံနဲ့ တခြားနေရာတွေမှာ ဒဏ်ရာအပြင်းအထန်ရသွားတာလို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ အာယာတိုလာက RFA ကိုပြောပါတယ်။
အခုလက်ရှိ အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ မိန်းကလေး သုံးဦးနဲ့ ယောကျာ်းလေးတစ်ဦးကို ဘူးသီးတောင်ဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကလေးတွေ ဘေးကင်းလုံခြုံရေးအတွက် မြေမြှုပ်မိုင်းတွေ မချထားဖို့၊ မပေါက်ကွဲသေးဘဲ ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ၊ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးဖို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်မြန်မာက ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်တွေ၊ အမ်း၊ ရသေ့တောင် မောင်တောစတဲ့ ကားလမ်းအနီးပတ်ဝန်းကျင်တွေကို မြန်မာစစ်တပ်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။
အခုလို ရှင်းနေချိန်မှာပဲ မိုင်းနဲ့ စစ်ကျန်လက်ပစ္စည်း ပေါက်ကွဲမှုကြောင့် အမ်း၊ ရသေ့တောင်၊ မြေပုံနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဒီနေ့အထိ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။