အာဏာသိမ်းမှုဂယက် ရခိုင်ဒေသစီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်

နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021-05-13
Share

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဆန္ဒပြတာတွေ၊ ပဋိပက္ခတွေ မရှိပေမယ့် အာဏာသိမ်းမှုရဲ့ ဂယက်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေသလို စီးပွားရေးကဏ္ဍမှာလည်း ၈၀ ရာခိုင်နှုန်းလောက် အထိ ကျဆင်းသွားတယ်လို့ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေ မရှိပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ရိုက်ခတ်မှုတွေကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍမှာ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်လို့ ရခိုင်စီးပွားရေးဦးဆောင် အများပိုင် ကုမ္ပဏီလီမိတက်(REIC)ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောပါတယ်။

"ရခိုင်ပြည်အနေနဲ့ဆိုလို့ရှိရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အနေအထားဟာ လက္ကား ကူးသန်း ရောင်းဝယ်မှု ရှိတယ်။ လက်လီ ရောင်းဝယ်မှုလုပ်ငန်းတွေ ရှိတယ်။ ဒီဟာတွေရဲ့အနေအထားတွေဟာ အများကြီးကျဆင်းသွားတဲ့အနေအထားမှာ ရှိတယ်။ ရာခိုင်နှုန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင် စီးပွားရေး နယ်ပယ်အလိုက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်ကနေပြီးတော့ ၈၀ ရာခိုင်နှုန်းလောက်အထိ ကျသွားတယ်လို့ လောလော ဆယ်သုံးသပ်လို့ရပါတယ်။"

ရခိုင်ပြည်နယ်ရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အရင်က တစ်လကို အမေရိကန် ဒေါ် လာ ၁၀ သိန်းဖိုးခန့်စီ ကုန်သွယ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ်က ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြီးခဲ့တဲ့ ဧပြီလက ပြန်ဖွင့်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅ သိန်းဖိုးခန့်သာ ကုန်သွယ်နိုင်တော့တယ်လို့ သူကဆိုပါတယ်။

အဲဒီနယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ မြန်မာပြည်မဘက်က ကုလားပဲ၊ ကြက်သွန်၊ ဂေါ်ဖီ၊ ကြာဆန်၊ ငါး၊ ပုန်စွန် အစရှိတဲ့ ရေထွက်ကုန်ပစ္စည်းတွေနဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို တင်ပို့တာဖြစ်ပြီး စစ်တပ် အာဏာသိမ်းချိန်ကစလို့ ပြည်ပဘက်ကလာတဲ့ ကုန်ပစ္စည်းတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့မှု လျော့နည်းသွားခဲ့တာလို့ ရခိုင်စီးပွားရေး ဦးဆောင် အများပိုင်ကုမ္ပဏီလီမိတက် (REIC) ရဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောပါတယ်။

အခုမေလမှာဆိုရင် ကုန်သွယ်မှုပမာဏ ထပ်မံလျော့သွားနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

ဒေသတွင်းကုန်ထုတ်လုပ်တဲ့ စက်ရုံတွေ မရှိတာကြောင့် ရခိုင်ဒေသဟာ စားသောက်ကုန်ပစ္စည်းတွေကအစ မြန်မာပြည်မဘက်က မြို့ကြီးတွေကို အဓိက မှီခိုနေကြရတာပါ။

စစ်အာဏာသိမ်းမှုကြောင့် ငွေကြေးစီးဆင်းမှုတွေပါ နှောင့်နှေးသွားတဲ့အတွက် ကုန်ပစ္စည်းမှာယူတာတွေက အစ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်တွေမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးစိုးနိုင်က ပြောပါတယ်။

"ကျွန်တော်ဆိုရင် ရန်ကုန်၊ မန္တလေးက ကုန်ပစ္စည်းတွေဝယ်ရောင်းရတဲ့သူ ပစ္စည်းမှာယူရမှု အနေအထား တွေ၊ ကားလမ်းကြောင့်ရယ် အစစအရာရာမှာ ပြတ်ထောက်မှုတွေ ဖြစ်ပေါ်နေတယ်။ နောက်ပြီးတော့ ငွေလွှဲတဲ့စနစ် ပထမတုန်းကတော့ ကျွန်တော်တို့ Mobile Banking နဲ့လွှဲတာပေါ့။ Mobile Bankingကို ကျွန်တော်တို့ ပစ္စည်းဝယ်တဲ့ဆိုင်တွေက လက်မခံဘူးဆိုရင် ကျွန်တော်တို့က Wave Money နဲ့လွှဲရတယ်။ Wave Money နဲ့မရဘူး ဆိုတော့ ကျွန်တော်တို့ ငွေသားရှာပြီး လွှဲရတာပေါ့။ အဲဒီတော့ ကုန်ကျစရိတ်လည်း ပိုတယ်။ အချိန်ကလည်း တအားကြန့်ကြာတယ်။ အခက်အခဲတွေလည်း ဖြစ်တယ်။"

ကုန်ဈေနှုန်းတွေဟာလည်း အာဏာမသိမ်ခင်ကထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားပြီး သယ်ယူပို့ဆောင်ခတွေ၊ ငွေလွှဲငွေထုတ်ခတွေကလည်း အဆမတန် မြင့်တက်သွားတယ် လို့လည်း သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်မဘက်က အခြားမြို့ကြီးတွေလိုပဲ ဘဏ်တွေကနေ ငွေထုတ်ယူဖို့ခက်ခဲတဲ့ပြဿနာတွေ ကြုံတွေ့နေကြရတာပါ။

စစ်တွေမြို့က ပုဂ္ဂလိကဘဏ်တွေဖြစ်ကြတဲ့ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တွေ၊ ရိုးမဘဏ်နဲ့ အရင်တုန်းက ၂၄ နာရီဝန်ဆောင်မှုပေးခဲ့တဲ့ ATM စက်တွေမှာ အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

ဧရာဝတီဘဏ် ATM စက်ကနေ ငွေလာထုတ်တဲ့ စစ်တွေမြို့ခံ ကိုဇော်သန်းနိုင် ကတော့ ငွေလာထုတ်တိုင်း အချိန်အကြာကြီး စောင့်ဆိုင်းနေရတာ၊ ငွေမရှိတာစတဲ့ အခက်အခဲကြုံရတယ်လို့ RFA ကို ပြောပါတယ်။

"အခုဆိုရင်ဗျာ ကျွန်တော်ထမင်းမစားဘဲနဲ့ လာတယ်။ ဟိုဘက်စက်ကို သွားတယ်။ ဟိုဘက်စက်မှာလည်း အဆင်မပြေဘူး။ ငွေမရှိလို့ပိတ်ထားပြီးပြီ။ အဲဒါနဲ့ ဒီဘက်စက်ကိုလာတယ်။ အခုဆိုရင်ကျွန်တော် ပိုက်ဆံ ထုတ်ဖို့အတွက် စောင့်နေတာ။ အခုကျွန်တော့်အလှည့်ရောက်ရင် ပိုက်ဆံရှိမလား၊ မရှိဘူးလားဆိုတာ မသေချာသေးဘူး။ တစ်ခါ တလေကျရင် ပိုက်ဆံထုတ်ဖို့လာလို့ ထမင်းငတ်တယ်ဗျာ။ အချိန်ကုန်တယ်။ ကိုယ့်နံပါတ်ကိုရောက်သွားတဲ့ အချိန်ကျတော့လည်း ပိုက်ဆံမရှိရင် ပြန်ပြီးတော့ သွားရပြန်တယ်။ ပိုက်ဆံမရခဲ့ဘူး။ ကျွန်တော်ကြုံတာကတော့ ပိုက်ဆံလာထုတ်တိုင်း အဲဒီလိုကြုံရတယ်။"

ATM စက်ထဲကနေ ဘဏ်အကောင့်တစ်ခုကို တစ်ရက် ငွေကျပ်သုံးသိန်းနဲ့ တစ်ပတ်မှာ ငွေကျပ်ဆယ်သိန်းသာ ထုတ်လို့ရတာပါ။

အလားတူ ပုဏ္ဏားကျွန်းမြို့ကနေငွေလာထုတ်တဲ့ ကိုကျော်ခိုင်လင်းကလည်း ဒီလိုအခက်အခဲနဲ့ နေ့တိုင်း ကြုံနေရတယ်လို့ပြောပါတယ်။

"စစ်တွေကို ငွေထုတ်ဖို့ရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ ငွေက ကျွန်တော်နေ့တိုင်း လာထုတ်တာ ပေ့ါနော်။ လာထုတ်တဲ့အချိန်မှာ ငွေမဖြည့်ရသေးတာ အမြဲတမ်းကြုံတယ်။ ပြီးတော့ သူတို့က နေ့ခင်းမှ ငွေဖြည့်မယ်လို့ပြောတယ်။ ကျွန်တော်ပြန်လာတဲ့အချိန်ကျတော့ လူတွေတန်းစီပြီး ထုတ်နေကြပြီ။ တန်းစီရတာပေါ့။ ရှေ့မှာ လူ ၃၀၊ ၅၀ လောက်ရှိတယ်။ နေ့တိုင်းကြုံတယ် အဲဒါ။ အခုကျွန်တော် မနက် ၉ နာရီလောက်ကလာတာ အခုဆိုရင် ၁၂ နာရီလောက်ရှိပြီ။ တော်တော်ကြာသွားပြီ။"

ATM စက်မှာလည်း တစ်နေ့ကို ငွေတစ်ကြိမ်သာ ထည့်ပေးတဲ့အတွက် အဲဒီငွေကုန်ဆုံးသွားရင် နောက်ထပ် ထုတ်ယူလို့မရတော့တာကြောင့် ငွေထုတ်လို့ရချိန် နေပူထဲမှာ လူတွေစုပြုံ စောင့်ဆိုင်းနေတာဖြစ်ပြီး ဘဏ်ကနေ ဘဏ်စာအုပ်နဲ့ ငွေသွားထုတ်မယ်ဆိုရင် အချိန်နှစ်ရက်၊ သုံးရက်လောက်အထိ စောင့်ဆိုင်းရတယ် လို့လည်း သူကဆိုပါတယ်။

တခြားပုဂ္ဂလိကဘဏ်တွေဖြစ်ကြတဲ့ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်၊ မြန်မာ့ရှေ့ ဆောင်ဘဏ်တွေနဲ့ ရိုးမဘဏ်တွေကနေ ငွေလာထုတ်တဲ့သူတွေလည်း အဲဒီလိုပဲ အခက်အခဲနဲ့ ကြုံရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဘဏ်တွေက ငွေမလည်ပတ်နိုင်တဲ့အတွက် ပြည်သူတွေဟာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး အခုလို နိုင်ငံရေး မတည်ငြိမ်တဲ့ကာလမှာ ဘဏ်လုပ်ငန်းတွေ ပုံမှန်ဖြစ်အောင် ငွေကြေးစီးဆင်းမှုကောင်းအောင် မလုပ်ပေး နိုင်ဘူးဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်တယ်လို့ စစ်တွေမြို့ခံ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြင့်ဇော် က ထောက်ပြပါတယ်။

“တချို့ကျတော့ လုပ်ငန်းအတွက်ကို ပိုက်ဆံလိုတဲ့သူတွေ ရှိတယ်။ တချို့တွေကျတော့ စားဖို့လိုတဲ့သူတွေ ရှိပါတယ်။ နှစ်မျိုးလုံးမှာပဲ အောက်ခြေပိုင်းရော၊ အပေါ်ပိုင်းရော။ လူတိုင်းက နေ့တဓူဝ ငွေနဲ့ပတ်သက် နေရတာဆိုတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေအပိုင်းကရော လူတန်းစားအစုံပါပဲ။ အခက်အခဲတွေ အများကြီးပါ။ စိုးရိမ်စရာကောင်းပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားထဲမှာ ဘဏ်လုပ်ငန်း တည်ငြိမ်မှုရှိအောင်၊ ငွေကြေးစီးဆင်းမှု ကောင်းအောင် အစိုးရအနေနဲ့မလုပ်နိုင်ပေးဘူးဆိုရင် ပြဿနာ အကြီးအကျယ်ဖြစ်လာနိုင်ပါတယ်။”

ရခိုင်ပြည်နယ်ဟာ စစ်ရေးပဋိပက္ခတွေ၊ ကိုဗစ်ကပ်ဘေးတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစလို့ စီးပွားရေး လုပ်ငန်းတွေ ကျဆင်းနေခဲ့တာပါ။

အခု စစ်တပ်က အာဏာသိမ်းမှုကြောင့် နောက်ထပ် တဖန်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကဏ္ဍ ကျဆင်းမှုတွေဟာ ဒေသခံတွေကို အကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရဖွယ်ရှိတယ်လို့လည်း ရခိုင်ဒေသ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့