ပြည်နယ်လွှတ်တော်ဥက္ကဌရဲ့ မြေ ၁ဝ ဧကပေါ်မှာ လုပ်မယ့် အစီအစဉ် ဒေသခံတွေ ကန့်ကွက်


2016.09.27

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာအုပ်စု တောင်နားကျေးရွာက မြေ ၁၀ ဧကကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌက သိမ်းဆည်းဖို့ ဒေသခံရွာသားတွေကို ဖိအားပေးနေတဲ့အတွက် ရပ်တန့်ပေးဖို့ဆိုပြီး ရွာသူ ရွာသား ၂၀၀ ကျော်က အစိုးရဆီ စာပေးပို့တိုင်ကြားထားပါတယ်။

တောင်နားကျေးရွာသား ၂၀၀ ကျော်တို့က လက်မှတ်ရေးထိုးထားကြကာ အရင်တစ်ကြိမ်ကလည်းပေးပို့ထားပြီး အခုတစ်ကြိမ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီလိပ်မူကာ ပေးပို့မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

''ကျနော်တို့က ပြည်ထောင်စုဝန်ကြီးအဆင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆီလည်း ပို့ထားတယ်၊ ကျနော် တို့လုပ်ထားတာက နှစ်လကျော်လောက်ကိုရှိနေပြီ၊ စက်တင်ဘာလမှာ ပြန်ပြီးတော့ ထပ်တင်ဖို့လုပ်ထား တယ်၊ ဒီကိစ္စက တော်တော်ကျယ်ပြန့်တယ်၊ ကျွန်တော်တို့ဒေသမှာက တပ်မတော်က တစ်မျိုးဗျာ၊ ဌာန ဆိုင်ရာ အသီးသီးကတစ်မျိုး၊ သူတို့ကို ပြည်သူကရွေးချယ်ပြီးတော့ ANP ကို မဲထည့်လိုက်တဲ့ အဖွဲ့တွေက တစ်ဖုံပေါ့ဗျာ သူတို့တွေအာဏာကို ခွဲဝေပြီးတော့ ပြည်သူကိုထင်ရာစိုင်းပြီးတော့ လုပ်တဲ့ဟာတွေက အများကြီး ခံနေရတယ်၊ ဒီဟာတွေကို တစ်ရွာလုံး လက်မှတ်ပူးတွဲတင်ဖို့ရှိတယ်''

အဲဒီမြေတွေဟာ အရင်စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့တဲ့မြေတွေဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လတုန်းက ဒေသခံ ရွာသားတွေဆီ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက အဲဒီမြေနေရာမှာ ဗောဓိအပင်တစ်ထောင်နဲ့ ဘုရားဆင်းတု တစ်ထောင် တည်ထားကိုးကွယ်ဖို့အတွက် ရည်ရွယ်ထားတာလို့ ပြောပါတယ်။

"ကျွန်တော်က ဗောဓိတစ်ထောင်ဘုရားတည်ချင်တယ်၊ ဗောဓိအပင်တစ်ထောင်စိုက်မယ်၊  ပြီးတော့ ဘုရားတည်မယ်၊ ကျနော်စိတ်ကူးတဲ့အခါမှာ မန္တလေးကနေ  ကူညီဖို့သူတွေအဆင်သင့်ရှိတယ်၊ အဲတော့လုပ်သင့်တယ် ထင်တဲ့အတွက်  ကျွန်တော်တို့ကဒီနေရာမှာ ဗောဓိအပင်တစ်ထောင်စိုက်မယ်၊ ပြီးတော့  ဘုရားတည်မယ်ဆိုပြီးတော့ ကျနော်တို့ စိတ်ကူးတာ၊ ကျနော်ဆိုရင်  ဆရာတော်တွေ နဲ့ ဆွေးနွေးထားတာတွေရှိတယ်၊ ကျနော်  နောက်ဆုံးသွားခဲ့တဲ့နေ့ကဆိုရင် ပုဏ္ဏားကျွန်းကနေ  မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်ဗျ၊ အမှန်က ဒါကန့်ကွက်စရာလည်း မဟုတ်ဘူး၊  တကယ်လို့ လုပ်မယ်ဆိုရင်တောင်မှ ဒါဟာ တရားဝင်လျှောက်ထားပြီးမှ ဝတ္တကမြေအဖြစ်  လျှောက်ပြီးမှ ဒီကိစ္စကလုပ်မှာပဲ"

ပြည်သူတွေအနေနဲ့ အဲဒီမြေနေရာမှာ လုပ်ခွင့်မပြုရင် သူ့အနေနဲ့ ဆက်လုပ်မှာမဟုတ်ဘူးလို့လည်း ပြည်နယ် လွှတ်တော်ဥက္ကဌက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။