မတ်လ ၂၁ ရက် ဒီနေ့ထုတ် Myanmar News Week ဂျာနယ်မှာပါတဲ့ မြောက်ဦးမြို့နယ်က ပစ်ခတ်မှုတွေ အကြောင်း သတင်းတစ်ပုဒ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကိုယ်တိုင်မပြောကြားခဲ့တဲ့ စကားလုံးတွေကို ထည့်သွင်းရေးသားထားတဲ့အတွက် ထိရောက်စွာအရေးယူပေးဖို့ သတင်းမီဒီယာကောင်စီ ကို ဒီနေ့ တိုင်ကြား လိုက်ကြောင်း ဦးထွန်းသာစိန် က RFA ကို ပြောပါတယ်။
" AA သောင်းကျန်းသူတို့က မြောက်ဦးမြို့နယ်ထဲသို့ ကျည်အပြည့်ဖြင့် တရစပ်ပစ်ခတ် " ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းရဲ့ နောက်ဆုံးပိုဒ်မှာ ဦးထွန်းသာစိန် က AA သောင်းကျန်းသူတို့၏ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ရှိ နေအိမ်များထိခိုက်မှု ရှိသည်ဟု ပြောကြားကြောင်းဆိုပြီး Myanmar News Week ဂျာနယ်က ရေးသားထားတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တိုင်ကြားစာမှာပါရှိပါတယ်။
ပြည်တွင်း/ပြည်ပက ဘယ်သတင်းမီဒီယာကိုဖြစ်ဖြစ် ဆက်သွယ်မေးမြန်းလာရင် လေးစားမှုနဲ့ သိသမျှကို ပြန် လည်ဖြေကြားပေးခဲ့ပေမဲ့ ရခိုင့်တပ်မတော် AA ကို AA သောင်းကျန်းသူလို့ တခါမှ မပြောခဲ့ဖူးကြောင်း၊ မပြောတာကို ပြောပါတယ်ဆိုပြီးရေးတာဟာ ဂုဏ်သိက္ခာကို စော်ကားတာလို့ ခံစားရတာကြောင့် တိုင်ကြားတာ ဖြစ်ကြောင်း ဦးထွန်းသာစိန် က ပြောပါတယ်။
အဲဒီတိုင်ကြားစာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးဆီကို မိတ္တူပေးပို့ထားကြောင်းလည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Myanmar News Week ဂျာနယ်ဘက်ကို မေးမြန်းဖို့ RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
