ရခိုင်အမျိုးသား ညီလာခံ တက်ရောက်မယ့်ပုဂ္ဂိုလ်တွေ အစုံအလင်ရောက်ရှိ
2014.04.26

ကျောက်ဖြူမြို့မှာ မနက်ဖြန်စတင်ကျင်းပမယ့် ရခိုင် အမျိုးသား ညီလာခံကို တက်ရောက်ဖို့ ပြည်ထောင် စုဝန်ကြီးတွေ အပါအဝင် ပြည်ပရောက် ရခိုင်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမူရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့ ကျောက်ဖြူမြို့မှာ စုံစုံညီညီရောက်ရှိနေကြပြီဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတို့ တက်ရောက်ကြသလို ပြည်နယ်ဝန်ကြီးချုပ် နဲ့ ပြည်နယ်ဝန်ကြီးတွေလည်း ရောက်ရှိနေကြပါတယ်။ ညီလာခံမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ညီလာခံကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးဦးလှစောက ခုလိုပြောပါတယ်။
"ကျနော်တို့ ရခိုင်လူ့အဖွဲ့အစည်းမှာ ပြဿနာတွေက အများကြီးပဲ၊ အဲဒီပြဿနာတွေကို ကျနော်တို့က စာတမ်းတွေဖတ်ကြမယ်၊ နောက်ကျနော်တို့ panel discussion တွေလုပ်ကြပြီး အဲဒီကနေရခိုင်ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုနိုင်တဲ့ message တွေရနိုင်အောင်၊ နောက်တစ်ခုက ရခိုင်ပြည်သူတွေရဲ့ ရှေ့ဆက်သွားမယ့် ခရီးအတွက် သေနင်္ဂဗျူဟာတွေ ချမှတ်နိုင်အောင် ကျနော်တို့ကြိုးစားမှာပါ၊ ညီလာခံရဲ့ ဦးတည်ချက်ထဲမှာတော့ လုံခြုံတဲ့ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတဲ့ ရခိုင်လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးဆိုတော့ အဲဒီခေါင်းစဉ်အောက်မှာတော့ အများကြီးပဲ"
ညီလာခံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ALP ရခိုင်လွတ်မြောက်ရေးပါတီနဲ့ ထိုင်နိုင်ငံနဲ့ ကချင်ပြည်နယ် အခြေစိုက် AA ရခိုင်တပ်မတော် လက်နက်ကိုင်အဖွဲ့တွေလည်း ရောက်ရှိလာသလို ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ နိုင်ငံရေး၊ လူမူရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေလည်း အသီးသီးရောက်ရှိနေကြပါတယ်။
ညီလာခံကို မနက်ဖြန် ဧပြီလ ၂၇ရက်နေ့က စတင်ပြီး ဧပြီလ ၁ရက်နေ့အထိ ၅ ရက်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီညီလာခံအကြောင်း RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်အမျိူးသားညီလာခံကို တက်ဖို့ ကျောက်ဖြူမြို့မှာရောက်ရှိနေတဲ့ ECC ခေါ် ပြည်နယ်အဆင့် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဒုတိယဥက္ကဌ ဗိုလ်ချုပ်မောင်မောင်အုန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။