စပါးတစ်တင်းကို ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ရခိုင်ပြည်နယ်အစိုးရ ရောင်းချ


2017.11.11
maungtaw-lands-622.jpg ရခိုင်ပြည်နယ်၊ မောင်တောဒေသက စပါးခင်းများကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ ပိုင်ရှင်မဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး တစ်တင်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ပုဂ္ဂလိကကို ရောင်းချဖို့အတွက် ရခိုင်ပြည်နယ် အစိုးရက မနေ့က သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

အစိုးရအဖွဲ့ဝင်တွေနဲ့ ကုန်သည်တွေ တွေ့ဆုံပြီး စပါးရောင်းချမယ့်ကိစ္စပြောရာမှာ ဈေးနှုန်းညှိနှိုင်းပြီး ဝယ်ယူဖြစ်သွားတာလို့ စပါးဝယ်ယူမယ့် မောင်တောဒေသခံ ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

"တင်ဒါသဘောပါပဲ။ အစိုးရအဖွဲ့ အကုန်လုံးရှိတယ်။ ကုန်သည်တွေလည်း ရောက်ကြတယ်။ ရောက်ကြတဲ့အချိန်မှာ အကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။ ယူတဲ့လူ ယူ။ မယူတဲ့လူ မယူကြနဲ့ ဆိုတဲ့အခါ တချို့ကတော့ တာဝန်မယူရဲဘူး။ တချို့ကုန်သည်က မလုပ်ရဲတဲ့သူရှိသလို ကျနော်ကတော့ လုပ်ပါမယ်။ အစည်းအဝေးလိုပုံစံမျိုး ဌာနဆိုင်ရာတွေရော၊ ပြည်နယ်အစိုးရ ဝန်ကြီးအဖွဲ့ လေးငါးပါးရော အကုန်လုံး အဲဒီလိုထိုင်ပြီးတော့ ပွင်းလင်းမြင်သာစွာနဲ့ပဲ စပါးရောင်းမယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ အချေတင်ပြောကြရင်း ပြောကြရင်းနဲ့ ဈေးနှုန်းတွေ ပြန်ပြော၊ သူပြော ကိုယ်ပြောနဲ့ ကျနော်ပဲ အကုန်လုံးကို ယူဖြစ်လိုက်တယ် ဆိုပါစို့"

စပါးခင်းတွေရဲ့ ပိုင်ရှင်တွေပေါ်လာရင် ပြည်နယ်အစိုးရအနေနဲ့ စပါးရောင်းရငွေကို ပြန်ပေးမယ်လို့ ကြားသိရကြောင်း ဦးအောင်မြင့်သိန်းက ပြောပါတယ်။

မောင်တောဒေသ တစ်ခုလုံးမှာ ပိုင်ရှင်မဲ့နေတဲ့ လယ်ဧကပေါင်း ၃ သောင်းလောက်ထဲက စပါးတင်းပေါင်း ၁၈ သိန်းလောက် ထွက်မယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ စပါးတင်းပေါင်း ၁၀ သိန်း အတွက်  စာချုပ်ချုပ်ထား တာဖြစ်ပါတယ်။

အဲဒီလယ်ယာတွေထဲမှာ စိုက်ထားတဲ့ စပါးတွေဟာ ဧည့်မထနဲ့ ငစိန် အုပ်စုဝင်စပါးတွေဖြစ်ပါတယ်။

အစိုးရက စပါးတွေကို ရိတ်သိမ်းပေးတဲ့ အဆင့်ထိပဲ လုပ်ပေးမှာဖြစ်ပြီး ခြွေလှေ့တာ၊ အခြောက်ခံတာတွေကို ဝယ်ယူသူက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မောင်တောဒေသမှာ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အဲဒီဒေသမှာ နေထိုင်သူအများဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် နဲ့ ဟိန္ဒူဘာသာဝင်အများစုကတော့ စစ်တွေနဲ့ မောင်တော မြို့ပေါ်တွေမှာ ခိုလှုံနေခဲ့ပြီး လက်ရှိအချိန်မှာတော့ အများစုဟာ နေရပ်ကို ပြန်သွားကြပြီဖြစ်ပါတယ်။

ဟိန္ဒူဘာသာဝင် အနည်းစုနဲ့ မွတ်စလင်တွေကတော့ တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေတဲ့ မွတ်စလင်ဦးရေ ၆ သိန်းကျော်နဲ့ ဟိန္ဒူဘာသာဝင် ၅၀၀ လောက်ရှိတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။