ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မူဝါဒ ၅ ချက်နဲ့အညီ ဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပေမယ့် ဒီနေ့အချိန်အထိ အကောင်အထည်ဖော်တာ မရှိဘူးလို့ ရခိုင်ဒေသခံတွေက ထောက်ပြကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်လာခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုအပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ ပထမဆုံးကတိပြုပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာလည်း ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့အခြေအနေကနေ အမြန်ဆုံးကျော်လွှား လွတ်မြောက်နိုင်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်ရေး၊ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရေး၊ ရခိုင်ပြည်သူတွေရဲ့ လူနေမှုဘဝ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။
အလားတူ ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ပြီး တစ်လအကြာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အစိုးရအဖွဲ့သက်တမ်းမှာ မူဝါဒ ၅ ချက်နဲ့အညီ ကျင့်သုံးအကောင်အထည် ဖော်မယ်လို့ ထပ်မံပြီးတော့ ကတိပြုပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ မူဝါဒ ၅ ခုချမှတ်ထားပါတယ်။ ၁။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အပြည့်အဝ ဖော်ဆောင်ကျင့်သုံးမည်။ ၂။ သန့်ရှင်းသောအုပ်ချုပ်မှုစနစ်နဲ့ ကောင်းမွန်သော အစိုးရတစ်ရပ်ကို ဖော်ဆောင်၍ ပြည်သူများကို အကာအကွယ်ပေးဆောင်ရွက်မည်။ ၃။ နိုင်ငံအတွင်းနဲ့ ပြည်နယ်အတွင်း လွတ်လပ်ငြိမ်းချမ်း၊ လုံခြုံအေးချမ်းရေးကို အမြန်ဆုံးဆောင်ရွက်မည်။ ၄။ ပြည်နယ်အတွင်း လူနေမှုဘဝနိမ့်ကျနေခြင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မည်။ ၅။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးအတွက် အာမခံချက်ပေးနိုင်မယ့် ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ဖော်ဆောင်မည်ဆိုပြီးတော့ မူဝါဒတစ်ရပ်ကို ခိုင်ခိုင်မာမာ ချမှတ်ထားပါတယ်။ ဒီမူဝါဒနဲ့အညီ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားပါမယ်"
နောက်လထဲမှာ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ ရခိုင်ဝန်ကြီးချုပ် ဦးညီပုဟာ သူသက်တမ်း ၅ နှစ်အတွင်းမှာ သူပေးခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ဘယ်လိုရှိခဲ့ပါသလဲ။
ရခိုင်ဒေသခံအချို့ကို ကျွန်တော်မေးကြည့်ထား ပါတယ်။
ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှက-
"စစ်မှန်တဲ့ဖက်ဒရယ်ကို အပြည့်အဝ ဖော်ဆောင်မယ်တို့၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို အေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ပြည့်စုံတဲ့ ဖွဲ့စည်းပုံကို ဖော်ဆောင်မယ်တို့ သူတို့က အဲလိုမျိုး ကြွေးကြော်ပြီးတော့ လာတာပေါ့လေ။ ဒီလိုမျိုးကြွေးကြော်ပြီးတော့ လာတဲ့အခါမှာ ကျွန်တော်တို့ကတော့ အားပေးခဲ့တယ်ပေါ့လေ။ ထောက်ခံတယ်။ ဒါပေမဲ့ သူတို့ အဲလိုကြွေးကြော်ပြီးတော့ တစ်ဖက်မှာ သူတို့ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဘာတစ်ခုမှ လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ မတွေ့ရဘူးပေါ့လေ"
လို့ ပြောပါတယ်။
ရခိုင့်နိုင်ငံရေးလေ့လာသူ ဦးထွန်းကြည်က
"အခုဆိုရင် နေရပ်စွန့်ခွာနေရတဲ့လူတွေ အများကြီးရှိနေသလို ပစ်သတ်ခံရတဲ့လူတွေ၊ မသင်္ကာလာလို့ ဖမ်းဆီးတရားစွဲခံရတဲ့လူတွေကအစ ရခိုင်ပြည်နယ်မှာ များစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်။ ဒါပေမဲ့ ဒီအပေါ်မှာတော့ ဦးညီပု အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးတာမျိုးက မရှိသလောက်ပါပဲ။ နောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ လှုပ်ရှားတဲ့ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကအစ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ တရားစွဲဆိုတာတွေက ဟိုဘက် ၂၀၁၀-၁၅ အစိုးရထက် အများကြီးပိုတာကို တွေ့ရတယ်ပေါ့နော်။ ဆိုတော့ သူတို့ရဲ့ ကတိကဝတ်နဲ့က လက်ရှိအချိန်အထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်နေတဲ့ ပုံစံနဲ့က တော်တော်လေး ကွာတယ်ပေါ့နော်။ မလုပ်ပေးနိုင်တဲ့အပြင် အများကြီးဖိနှိပ်ထားခဲ့တယ်လို့ ကျွန်တော့အနေနဲ့ မြင်တယ်"
လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမြအောင်က-
"ပုဏ္ဏားကျွန်း စက်မှုဇုန်စီမံကိန်းကို ဧက ၁၈၀၀ လောက်မှာ ကျွန်တော်တို့ လယ်သမားတွေနဲ့ ညှိပြီးတော့ လျော်ကြေးတွေ ဘာတွေပေးပြီးတော့ လုပ်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အောင်မြင်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာရှိတဲ့လူ၊ ပုဏ္ဏားကျွန်းအနီးအနားမှာရှိတဲ့လူ တစ်သိန်းလောက်ကို အလုပ်အကိုင်အခွင့်အလမ်းရမယ့် အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုထက်ထိကတော့ ဒီစီမံကိန်းက ဘယ်လိုအကြောင်းကြောင့် ဖြစ်မလာသလဲဆိုတာကိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ စီမံကိန်း အကောင်အထည်ပေါ်မလာတဲ့အတွက်လည်း ကျွန်တော်တို့ တကယ့်ကို အကြီးအကျယ်လုပ်ခဲ့တဲ့ စီမံကိန်းအတွက် စိတ်မကောင်းဖြစ်တာတော့ အမှန်ဖြစ်ပါတယ်"
လို့ ပြောပါတယ်။
ဒေသခံတွေကတော့ ဝန်ကြီးချုပ်ဟာ သူရဲ့ ကတိတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ တုံ့ပြန်ချက်ကိုရဖို့ တယ်လီဖုန်းကနေတဆင့် ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ပြည်တွင်းငြိမ်းချမ်းရေးလို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်မျိုးမဟုတ်ဘဲ ရခိုင်ပြည်နယ်အစိုးရက စီမံပိုင်ခွင့်ရှိတဲ့ ဆားလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းစတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ ပင်လယ်ကမ်းခြေပေါ်မှာရှိတဲ့ စစ်တွေမြို့မှာ နှစ်စဉ်မိုးရာသီ ရေကြီးတဲ့ ပြဿနာလို အသေးစား ကိစ္စရပ်တွေကိုတောင် ဦးညီပု ဦးဆောင်တဲ့ အစိုးရက ဖြေရှင်းမပေးခဲ့ဘူးလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)