မွတ်စလင် အသုံးအနှုန်း ဂျပန်ရောက် ရခိုင်တွေ ကန့်ကွက်

2016-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ  ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်း ကို ကန့်ကွက်ဆန္ဒပြစဉ်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးရှေ့မှာ ဇွန်လ ၂၉ ရက်နေ့က ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်း ကို ကန့်ကွက်ဆန္ဒပြစဉ်
Photo: Thaw Zin Phyo

ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသား ၅၀ လောက်က အစိုးရက သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသော်ဇင်ဖြိုး က သူတို့ တောင်းဆိုချက်တွေကို အခုလိုပြောပါတယ်။

"ဒီနေ့ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ ရခိုင်ပြည်က မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့သုံးနှုန်းချက်ကို ပြင်းထန် စွာ ကန့်ကွက်တယ်၊ ကြွေးကြော်သံက မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတဲ့ NLD အစိုးရသစ် အလိုမရှိ၊ ရခိုင်ပြည်နယ်က က မွတ်စလင် အသိုင်းအဝိုင်း ဟု သုံးနှုန်းခြင်းအား ချက်ချင်းရပ်၊ တိုင်းရင်းသားဒေသများ တန်းတူရည်တူ အခွင့်အရေးရရှိရေး အဲဒီ့သုံးချက်ပါ"

ဆန္ဒပြပွဲကို တိုကျို၊ နာဂိုရာ၊ ရိုကိုဟားမား စတဲ့ဒေသတွေမှာ ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် Mrs.Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း သတင်းထုတ်ပြန်ရာမှာ ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်းလို့သာ သုံးနှုန်းဖို့ ပြန်ကြားရေးဝန်ကြီး ဌာနက အစိုးရပိုင်မီဒီယာတွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အဲ့ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP အပါအဝင် ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြ ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

တကယ်တော့ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာရဲ့ မူလရင်းမြစ် တရားခံဟာ အရင် စစ်အာဏာရှင် အဆက်ဆက် ဖြစ်ပါတယ်။ အာဏာရှင် ဦးနေဝင်း လက်ထက်တုန်းကလည်း ၁၉၈၂ နိုင်ငံသား ဥပဒေ ပြဌာန်းခဲ့ပေမယ့် အဲဒီ ဥပဒေနဲ့အညီ ပြသနာကို တိတိကျကျ ဖြေရှင်းတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၈၂ ဥပဒေ ကျင့်သုံးဖြေရှင်းလို့ အခက်အခဲ ရှိခဲ့တယ် ဆိုရင်လည်း အဲဒီ ဥပဒေကို ပြင်ဆင်ဖို့ မလုပ်ခဲ့ကြပြန်ပါဘူး။ နောက်တော့ ဥပဒေအရ ယာယီပဲ ခွင့်ပြုလို့ရတဲ့ White Card တွေ ထုတ်ပေးထားပြီး ပြသနာကို ဆယ်စုနှစ်နဲ့ချီ အချိန်ဆွဲထားခဲ့တာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပြသနာကို ဒီအတိုင်းထားတာတော့ မဟုတ်ပါဘူး။ လိုအပ်ရင် နိုင်ငံရေးအရ အမြတ်ထုတ်တာမျိုးတော့ လုပ်ခဲ့ပါတယ်။

Jun 29, 2016 08:49 PM

အမည်မဖော်လိုသူ

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ အရင် အာဏာရှင် အဆက်ဆက်က ဖန်တီး ထားရစ်ခဲ့တဲ့ ပြသနာအမွေ ဆိုးကြီးကို ဖြေရှင်းဖို့ တာဝန်ယူထားရပါပြီ။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေကလည်း အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းပြီး ပြသနာ ပြေ လည်ရာပြေလည်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်း ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ အရင် စစ်အာဏာရှင်တွေ ထားရစ်ခဲ့တဲ့ မွတ်ဆလင် အသိုင်းအဝိုင်း ပြသနာကို ခိုးဝင်တွေ၊ ဘင်္ဂါလီတွေ ဆိုပြီး ပြောဆိုနေရုံ နဲ့ ပြသနာတွေ ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။

Jun 29, 2016 08:47 PM

ဆိုက်တခုလုံးသို့