တိုက်ပွဲတွေငြိမ်နေတဲ့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေး

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နှစ်နှစ်ကျော်ကြာအထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေက စစ်ဘေး ဒုက္ခသည်တွေဟာ သူတို့ရွာတွေအနီး စစ်တပ်ကစခန်းချထားတွေ၊ မိုင်းအန္တရာယ်တွေ ရှိနေလို့ နေရပ်မပြန် ရဲကြဘူးလို့ ဒုက္ခသည်စခန်း တာဝန်ခံတွေနဲ့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။

မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှာ တိုက်ပွဲဖြစ်လို့ မြောက်ဦးမြို့ မြတန်ဆောင် စစ်ဘေးဒုက္ခသည် စခန်းမှာ ၂၀၁၉ ခုနှစ်ကတည်းက မိသားစုတွေနဲ့အတူ ခိုလှုံနေတဲ့ ဒေါ်မအောင်သိန်းကတော့ ရွာအနီးမှာ တပ်မတော် စခန်းရှိနေသေးလို့ မပြန်ရဲဘူးလို့ RFA ကို ပြောပါတယ်။

"ကိုယ့်အိမ်မှာကိုယ် နေချင်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ ဘယ်လိုပြန်ရမလဲ။ သူတို့တောင်ပေါ်က ပစ်ချလိုက် ရင် ကျွန်မတို့ အားလုံးသေမှာ။ အဲဒါကြောင့် ကျွန်မတို့ မပြန်ရဲဘူး။ တိုက်ပွဲတွေငြိမ်းရင်လည်း ငြိမ်းပါစေ။ သူတို့မရှိမှ ကျွန်မတို့ပြန်ရဲမယ်။ သူတို့ရှိရင်တော့ ကျွန်မတို့ မပြန်ရဲဘူး။ သူတို့မှာ ဘာအကြံရှိလဲဆိုတာ ကျွန်မတို့ မသိဘူး။ ရွာကိုလူတွေရောက်သွားလို့ သူတို့ လက်နက်ကြီးနဲ့ပစ်ချလိုက်ရင် ကျွန်မတို့မှာ ထွက်ပြေးဖို့ လမ်းမရှိဘူး။ အဲဒါကိုကြောက်လို့ မသွားရဲတာ။ အခုသူတို့ ခေါ်နေတာလည်း အကြံနဲ့ ခေါ်နေတာလား၊ ဘယ်လိုခေါ်တာလဲ မသိဘူး။ ကျွန်မတို့ကတော့ ကြောက်လို့မပြန်ဘူး"

မြတန်ဆောင်စစ်ဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်ထဲက အိမ်ထောင်စု ၂၆၃ စုနဲ့ လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေကြပါတယ်။ မိုးရာသီဖြစ်တာကြောင့် အလုပ်အကိုင်တွေ ရှားပါး၊ ကလေးတွေလည်း တုပ်ကွေးနဲ့ ဝမ်း ရောဂါတွေဖြစ်နေပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ မခိုင်စုလှိုင်က ပြောပါတယ်။

“အခုမိုးရာသီမှာက အလုပ်အကိုင်တွေလည်း အဆင်မပြေကြဘူး။ ရိက္ခာကလည်း တဝက်ပဲရကြတယ်။ ပြီးတော့ ကျွန်မတို့ ဒုက္ခသည်စခန်းမှာက ရေဝပ်တော့ အနံအသက်တွေလည်း မကောင်းဘူး။ ခြင်တွေ လည်း တော်တော်ကိုက်တယ်။ အဲဒါကြောင့် ကလေးတွေ တုပ်ကွေးရောဂါတွေ၊ ဝမ်းရောဂါတွေဖြစ်တယ်။ တချို့နေအိမ်တွေကလည်း မိုးတွေယိုတယ်။ လုံးဝအိပ်လို့ မရဘူး။ အဲဒါကြောင့် မိုးရွာလာရင် ကျောင်း ဆောင်ကိုလာပြီး အိပ်ကြရတယ်”

အလားတူ ပလက်ဝမြို့နယ် မီးလက်ဝကျေးရွာကနေ မြောက်ဦးမြို့ မြို့ဦးခေါင်း စစ်ဘေးဒုက္ခသည်ခန်းမှာ ခိုလှုံနေတဲ့ ဦး ဦးထွန်းမောင်ကလည်း ရွာထဲမှာ စစ်တပ်က စခန်းချထားတာကြောင့် နေရပ်ကိုမပြန်ရဲဘူးလို့ ပြောပါတယ်။

"ကိုယ့်ရွာမှာ နေလို့ရမယ်ဆိုရင် ပြန်ချင်တာပေါ့။ အခုက ကိုယ့်ရွာမှာနေလို့မရလို့ တစ်ယောက်မှ မရှိဘူး။ ဘုန်းကြီးကအစ မရှိဘူး။ အားလုံး ပလက်ဝမြို့မှာ ခိုလှုံနေရတယ်။ ရွာကိုဝင်လို့လည်း မရဘူး။ ရွာမှာ စစ်သားတွေရှိတယ်။ အခုကျွန်တော်တို့ ပြန်မယ်ဆိုရင်လည်း စက်လှေအတက်အဆင်းမရှိဘူး။ ကျွန်တော် တို့လည်း ရွာပြန်ပြီး ကိုယ့်ရဲ့ ဥယျာဉ်ခင်းတွေမှာ လုပ်ကိုင်စားသောက်ချင်တယ်။ သွားလို့မရလို့သာ ဒီမှာနေနေရတာပါ။ ကျွန်တော့်မှာ ပလက်ဝမှာ အမေလည်းရှိတယ်။ အခု အမေ့ဆီကိုသွားဖို့တောင် မရဘူး"

စစ်ဘေးကြောင့် ဒုက္ခရောက်ရတဲ့ ဒေသခံဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြ ရသလိုပဲ တစ်ဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်နဲ့လည်း ရင်ဆိုင်နေကြရပါတယ်။

"သူတို့ လက်နက်ကြီးနဲ့ပစ်ချလိုက်ရင် ကျွန်မတို့မှာ ထွက်ပြေးဖို့ လမ်းမရှိဘူး။ အဲဒါကိုကြောက်လို့ မသွားရဲတာ"

မြောက်ဦးမြို့နယ် စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ဇူလိုင် ၁၄ ရက်နေ့ကစပြီး ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ ရှိလာတဲ့အတွက် စခန်းကို အသွားအလာကန့်သတ် Lock Down ချထားရတယ်လို့ စခန်း တာဝန်ခံ ကိုညီပုက RFA ကို ပြောပါတယ်။

“ကျန်းမာရေးဌာနက လာစစ်ဆေးတော့ ပထမတစ်ယောက် တွေ့တယ်။ နောက်တစ်ရက်မှာ လူနာ ခြောက်ယောက် ထပ်တွေ့တယ်။ အဲဒီအချိန်ကနေပြီးတော့ ကျန်းမာရေးဌာနက ကျွန်တော်တို့ ဒုက္ခသည်စခန်းကို လော့ခ်ဒေါင်းချထားခဲ့တာ။ ကျွန်တော်တို့မှာ အခက်အခဲဖြစ်နေတာက ဆန်တစ်ခုက အခက်အခဲရှိတယ်။ ဆန်ကတော့ အခုဆိုရင် ကျွန်တော်တို့မှာ လေးရက်စာလောက်ပဲ ကျန်တော့မယ်”

စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ် လေးမြို့ချောင်းအရှေ့ဘက်က ဘုရားကြီး၊ မော်ရွာဟောင်း၊ မော်ရွာသစ်၊ ကုန်းရွာစတဲ့ကျေးရွာတွေနဲ့ တခြားနီးစပ်ရာကျေးရွာတွေက စစ်ဘေးဒုက္ခသည် ၃၉၀၁ ဦး ခိုလှုံနေကြတာပါ။

ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေရဲ့ အခြေအနေဟာ အတော်စိုးရိမ်စရာပဲလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါ။

"ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့သူတွေကကျတော့ နဂိုကတည်းက အစားအသောက် အဆင်မပြေဘူး။ ကျန်းမာရေးတွေ၊ ကိုယ်ခံအားတွေကလည်း အားနည်းတဲ့ အခြေအထားမှာရှိတယ်။ အဲဒီလို စခန်းတွေ ကိုသာ ကိုဗစ် အပြင်းစားတွေ ဝင်သွားလို့ရှိရင် တကယ့်ကို မနိုင်မနင်းနဲ့ အသက်တွေဆုံးရှုံးမှုတွေ များနိုင်တဲ့ အခြေအနေမှာရှိတယ်။ နှာခေါင်းစည်းတို့၊ ဆပ်ပြာတို့ အဲဒါတွေကလည်း ပံ့ပိုးကူညီမှုမရှိ ဖြစ်နေပါတယ်ဗျ"

အခုလို စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲဖြစ်နေတာ၊ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရင်ဆိုင် နေကြရတာနဲ့ ဒုက္ခသည်တွေလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ အမြန်ဆုံး အလေးထား ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

rakhine-refugees.jpg
(မြေပုံမြို့နယ် ဟင်းခရော်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို ၂ဝ၂ဝ ဇန်နဝါရီ ၁၅ ရက်နေ့က စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက် ဘုန်းကြီးကျောင်းမှာ တွေ့ရစဉ်)

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး၊ စားရေး၊ သောက်ရေးတွေ အခက်အခဲမဖြစ်ဖို့တွေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"တိုက်ပွဲစခန်းတွေအတွက်လည်း လောလောဆယ် ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေ၊ ဆပ်ပြာတွေ၊ လက်သန့်ဆေးရည်တွေ အဲဒါတွေပေးမယ့် အစီအစဉ်တွေ လုပ်နေပါတယ်။ တချို့ စခန်း တွေဆိုရင် ပေးနေပါပြီ။ အရင်တုန်းကတော့ ဘဏ်အခက်အခဲကြောင့် ဆန်ရိက္ခာရောက်တာတွေ နောက်ကျတာပေါ့နော်။ အဲဒါတွေကို လစဉ်ပုံမှန်ပို့နိုင်အောင် ကျွန်တော်တို့ စီစဉ်နေပါတယ်။ နေရပ်ပြန်နိုင်ရေးကိုတော့ မိမိတို့ဘာသာ ပြန်ချင်တဲ့သူရှိရင် ကျွန်တော်တို့ကို တင်ပြလာရင်တော့ ပြန်ပို့ပေးဖို့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ မိုင်းအန္တရာယ် ရှိရင်တော့ မိုင်းရှင်းပေးလို့ ရပါတယ်။ ဒါပေမဲ့ တချို့နေရာတွေက လုံခြုံရေးအရ ပြန်လို့မဖြစ်နိုင်သေးတဲ့ နေရာတွေရှိတယ်။ အဲဒီနေရာတွေ ကိုတော့ ပြန်လို့ရတဲ့အချိန် ချက်ချင်းပြန်ပို့မှာပါခင်ဗျာ"

ရခိုင်ပြည်နယ်မှာ အခုတလော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရလို့ သေဆုံးတွေသူတွေ၊ ပိုးတွေ့လူနာ တွေဟာ တစ်နေ့တခြားပိုတိုးလာနေပါတယ်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မေလအတွင်းကစလို့ ဒီနေ့အထိ ပိုးတွေ့လူနာ ၁၇၀၃ဦးနဲ့ သေဆုံးသူ ၆၃ ဦးရှိနေပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ခုနှစ်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာအသီးသီးမှာ ခိုလှုံနေကြသူ ငါးသောင်းကျော်၊ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။