ရခိုင်စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာလိုအပ်
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA အဖဲ့ွအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ လိုအပ်နေပြီး အစိုးရရဲ့ အကူအညီဟာ လုံလောက်မှု မရှိဘူးလို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
-
2019-08-08 -
-
-
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA အဖဲ့ွအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ လိုအပ်နေပြီး အစိုးရရဲ့ အကူအညီဟာ လုံလောက်မှု မရှိဘူးလို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
၈ လကျော်ကြာမြင့်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာ တိုက်ပွဲလွတ်ကင်း ရာနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပြီး မိုးတွင်းကာလမှာ နေထိုင်စားသောက်ရေး ခက်ခဲနေကြပါတယ်။
ဦးဖေသန်းက ဒီဒုက္ခသည်တွေအတွက် နိုင်ငံတော်က ဘယ်လိုကူညီစောင့်ရှောက်မယ်ဆိုတာ သိလိုကြောင်း ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒီမေးခွန်းကို လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က အစိုးရက အပြည့်အဝကူညီနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေက ကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက်လည်း နီးစပ်ရာကျောင်းတွေ၊ ယာယီခိုလှုံစခန်းတွေမှာရှိတဲ့ အိပ်ဆောင်တွေမှာ အခန်းဖွဲ့သင်ကြားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
ဒီဒေသက ဒုက္ခသည်တွေအားလုံးဆီ ရိက္ခာတွေ မရောက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဇူလိုင် ၂၆ရက်နေ့က လွှတ်တော်ကို တက်ရောက်လာတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို မေးမြန်းရာမှာတော့ သွားလာရခက်တဲ့နေရာတွေကို ရိက္ခာမရောက်နိုင်တာရှိနိုင်တယ်လို့ RFA ကို ပြောထားပါတယ်။
မေးခွန်းမေးမြန်သူ ဦးဖေသန်းကတော့ အစိုးရက လက်တွေ့မှာ ကူညီတာ နည်းပါးနေသေးသလို အရပ်ဖက်က ကူညီတာတွေ တားဆီးခံရတဲ့ အခြေအနေလည်းရှိတယ်လို့ ပြောပါတယ်။
ဒုတိယဝန်ကြီး ဦးစိုးအောင် ကတော့ ကူညီတဲ့အဖွဲ့တွေကို အစိုးရအနေနဲ့ ကန့်သတ်တားမြစ်တာ မရှိကြောင်း ရှိခဲ့ရင်လည်း လုံခြုံရေးအခြေအနေအရသာဖြစ်နိုင်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည် ၂ သောင်းခန့်ရှိတယ်လို့ အစိုးရစာရင်းတွေအရ သိရပြီး၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC စာရင်းတွေအရကတော့ အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၆သောင်းနီးပါး ရှိနေပါတယ်။
(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)