ရခိုင်ဒုက္ခသည်တွေကို ရခိုင်အစိုးရ လုံးချင်းအိမ်ဆောက် နေရာချပေး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စက်ရုံစု အမှတ် (၃) ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို မင်းဂံရပ်ကွက် အကွက် ၁ဝ မှာရှိတဲ့ လုံးချင်းနေအိမ်တွေဆီ ပြည်နယ်အစိုးရက ဒီနေ့ ပြောင်းရွှေ့နေရာချထားပေးလိုက်ပါတယ်။

"နေအိမ်ဆောက်လုပ်ပြီးစီးမှု အပေါ်မူတည်ပြီး အိမ်ထောင်စု ၅၀ ကို စတင်ပြောင်းရွှေ့ နေရာချထားပေးတာလို့ စက်ရုံစု အမှတ်(၃) ဒုက္ခသည်စခန်းတာဝန်ခံ ဦးကျော်အေးက ပြောပါတယ်။

"အရေအတွက်ကတော့ အိမ်ခြေ ၅ဝ ပေါ့၊ အိမ်က အကုန်လုံးဆောက်လို့ မပြီးသေးဘူး၊ အစိုးရကား နဲ့ ပြောင်းတာပေါ့၊ လိုအပ်ချက်ကတော့ လမ်းတွေဘာတွေလည်းလိုတယ်၊ ရေတွေလိုတယ်"

စက်ရုံစု အမှတ် ၃ ဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၁၅၀ ကျော်၊ လူဦးရေ ၆၄၀ ကျော်ရှိပြီး ကျန်တဲ့ အိမ်ထောင်စုတွေကို ဆက်လက်ပြောင်းရွှေ့ပေးသွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပဋိပက္ခတွေဖြစ်ပွားခဲ့ရာ နေအိမ်ပျက်စီးဆုံးရှုံးသူတွေ ရှိခဲ့တဲ့အတွက် စစ်တွေမြို့မှာ ရခိုင်ဒုက္ခသည်စခန်းနဲ့ မွတ်စလင်ဒုက္ခသည်စခန်း ၁၀ခုကျော် ဖွင့်လှစ်ပြီး နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည်တွေကို အစိုးရက ပြန်လည်နေရာချထားပေးနေရာမှာ အခုအကြိမ်ဟာ နောက်ဆုံး ကျန်ရှိနေတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။