ရခိုင်ပြည်နယ်က ဒုက္ခသည်များ အကူအညီ လိုအပ်နေဆဲ

အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူတွေ နဲ့ ရွှေ့ပြောင်းရသူ သောင်းနဲ့ချီတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

2012.06.14
sittwe-riot-people-b305 ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။
RFA

စစ်တွေမြို့မှာတင် ဒေသခံ ဒုက္ခသည် ၂ သောင်းနီးပါး ရှိတယ်လို့ စစ်တွေမြို့အခြေစိုက်ဝံလက် လူမှုရေး ဖောင်ဒေးရှင်းက ဆိုပါတယ်။

မိုးစတင်ရွာနေပြီ ဖြစ်တာကြောင့် အဲဒီ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်စရာရှိတယ်လို့လည်း ပြောပါတယ်။ မောင်တောမြို့ကို အထောက်အပံ့ ပစ္စည်းတွေ ပေးပို့နေပြီး ဘူးသီးတောင်မှာ အကူအညီမလုံလောက်လို့ ဒုက္ခသည် တချို့ကို မောင်းတောကို လုံခြုံရေးအစောင့်အရှောက်နဲ့ ပြန်ပို့တာ ရှိတယ် လို့ မောင်တောမြို့က ဒုက္ခသည်ကူညီရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ဦးမြကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အဆိုအရ ပဋ္ဋိပက္ခတွေကြောင့် ဒေသခံလူ ၃ သောင်းကျော် နေရပ်ရွှေ့ပြောင်းရပြီး ဒုက္ခသည် စခန်း ၃၇ ခုမှာ လူ သုံးသောင်း ထောင့်ကိုးရာကို နေရာချထားပေးတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်ပဋိပက္ခတွေအတွင်း အိုးအိမ်စုစုပေါင်း ၁၆၀၀ လောက် ပျက်စီးသွားခဲ့ပြီး၊ သေဆုံးသူ ၂၁ ဦး နဲ့ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းကို ခြိမ်းခြောက်မှုတွေ ဖြစ်စေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Quintana က ပြောလိုက်ပါတယ်။

"ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက ဇာစ်မြစ်ကိုအစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူဖို့ တောင်းဆိုကြောင်း၊ အဲဒီလို ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံ မှုတွေဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်နေတာ ဖြစ်ကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ အားလုံးအနေနဲ့ အကြမ်း ဖက်မှုတွေကို ရှောင်ရှားကြပြီး တရားဥပဒေကို လေးစားလိုက်နာကြဖို့ လိုအပ်ကြောင်း" မစ္စတာ ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်များ အခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။